လားရှိုးမှာ စစ်ကောင်စီတပ်ရင်းနှစ်ခုနဲ့ တိုးဂိတ်ကို သိမ်းယူခဲ့ကြောင်း MNDAA ထုတ်ပြန်
2024.07.27
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီတပ်ရဲ့ (၉၁၂) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ ခလရ (၄၁) တပ်ရင်းနဲ့ ဟိုပိတ်တိုးဂိတ်တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ (၉၁၂) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းကို သိမ်းဆည်းနိုင်တဲ့ ရုပ်သံကို ဇူလိုင်လ ၂၇ ရက်နေ့ကထုတ်ပြန်ခဲ့ပြီး ဘယ်နေ့က အပြီးသတ်သိမ်းတယ်ဆိုတာတော့ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။
ခလရ (၄၁) တပ်ရင်းကိုတော့ ဇူလိုင်လ ၂၅ ရက်နေ့မှာ သိမ်းယူနိုင်တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။ အလားတူ ဟိုပိတ်တိုးဂိတ်ကိုတော့ ဇူလိုင်လ ၂၆ ရက်နေ့ ညနေက သိမ်းယူနိုင်ကြောင်းနဲ့ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ရှင်းလင်းနေတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် လားရှိုးမြို့မှာ ကိုးကန့်တပ်သားတွေ လုံခြုံရေးအတွက် ကင်းလှည့်နေတဲ့ ရုပ်သံဖိုင်ကိုလည်း ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီစခန်းတွေ၊ တပ်ရင်းတွေသိမ်းတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ MNDAA ပြောခွင့်ရသူ လီကျားဝင်းနဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇူလိုင်လ ၂၅ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA က သိမ်းယူနိုင်တယ်လို့ ထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပါတယ်။
လားရှိုးမြို့အုပ်ချုပ်ရေးကို ကိုးကန့်တပ်မတော် ဆောင်ရွက်သွားမယ်လို့ အဲဒီနေ့မှာဘဲ (MNDAA) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၂၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေကို မြို့တွင်းကနေ မြို့ပြင်ကို တိုက်ထုတ်နိုင်ခဲ့ကြောင်း၊ လားရှိုးမြို့ လုံးဝလွတ်မြောက်သွားပြီလို့ဆိုပါတယ်။ ကျန်နေသေးတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း လိုက်လံချေမှုန်းနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။