ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ဒေသခံတွေ ပြန်ရောက်လာ

RFA Burmese
2024.08.09
ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ဒေသခံတွေ ပြန်ရောက်လာ နေရပ်ပြန်လာသည့် လားရှိုးမြို့ခံများ မြို့အတွင်း သန့်ရှင်းရေးလုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို သြဂုတ်လ ၄ ရက်နေ့ကစလို့ မြို့ခံတွေ နေရပ်ပြန်လာနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်တချို့မှာ လူသေအလောင်းတွေနဲ့ အပျက်အစီးတွေကို ဝိုင်းဝန်းရှင်းလင်းနေကြပြီလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုက အရပ်သားတွေကို ပြန်နေခွင့်ပြုနေပြီ။ မြို့ခံ တော်တော်များများလည်း ပြန်လာနေကြပါပြီ။ မြို့ထဲမှာ သန့်ရှင်းရေးတွေဘာတွေ ဝိုင်းဝန်းလုပ်နေကြတာတော့ရှိတယ်”

လားရှိုးမြို့ထဲ ပြန်ရောက်လာတဲ့ ဒေသခံတွေရဲ့ အရေအတွက်ကိုတော့ အသေးစိတ်မသိရသေးသလို လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုးကန့်တပ်မတော် (MNDAA) ကလည်း လားရှိုးမြို့ခံတွေကို ဆန်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေပေးပြီး လိုအပ်ချက်ကို အကူအညီပေးမယ်လို့ ဩဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီအပြင် နေအိမ်တွေ ခိုးယူဖောက်ထွင်းခံရရင် လုံခြုံရေးတပ်ဖွဲ့နဲ့ အရာရှိတွေဆီ အကြောင်းကြားဖို့လည်း တိုက်တွန်းထားပါတယ်။

ကိုးကန့်တပ်မတော် (MNDAA) က လားရှိုးမြို့ပေါ်က စစ်ကောင်စီ တပ်စခန်းတွေကို တစ်လကျော်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၃ ရက်နေ့မှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ပြီး လားရှိုးတစ်မြို့လုံးကို ထိန်းချုပ်ခဲ့တာပါ။

တိုက်ပွဲကာလအတွင်းမှာ အရပ်သား တစ်ရာကျော် သေဆုံးခဲ့ပြီး နှစ်ရာဝန်းကျင် ဒဏ်ရာရခဲ့သလို လူဦးရေ နှစ်သိန်းကျော် နေရပ်စွန့်ခွာခဲ့ကြရတယ်လို့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတွေက ပြောသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။