MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရ

RFA Burmese
2024.09.28
MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၈ ရပ်ကွက်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦများအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၈ ရက်ညက တွေ့ရစဉ်။
Lashio Reconstruction

တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၂၈ ရက်နေ့ ဒီနေ့ည ရှစ်နာရီခွဲအချိန်မှာ ဂျက်လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲသွားတယ်လို့ အမည်မဖော်လိုတဲ့ လားရှိုးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

လားရှိုးမြို့ ရပ်ကွက် ၈ အပေါ် ဗုံးလာကြဲသွားတဲ့အတွက် လူနေအိမ်တွေ အပျက်အစီးများပြီး လူထိခိုက်မှု ရှိနိုင်တယ်လို့လည်း ပြောပါတယ်။

“ရပ်ကွက် ၈ ရပ်ကွက် ရုံးအနောက် ကားဝပ်ရှော့ပေါ် ကျတယ်၊ လူနေအိမ်တွေပျက်စီးပြီး လူထိခိုက်မှုက မသိရသေးဘူး၊ လေယာဥ် အချိန်မရွေးပြန်လာနိုင်လို့ လုံခြုံရေးကတော့ ကိုးကန့်ရဲတပ်ဖွဲ့က တာဝန်ယူထားပေးပါတယ်”

လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူ ရှိမရှိကို မသိရသေးဘူးလို့ အမည်မဖော်လိုတဲ့ လားရှိုးဒေသခံ နောက်တစ်ဦးက ပြောပါတယ်။

“မနက်မှပဲ အတိအကျသိမှ ပြန်ပြောပေးမယ်ဗျ။ အခုက ကျွန်တော်တို့က မှတ်တမ်းလောက်ပဲ သွားယူလာလို့ပါ။ အဓိက လေယာဥ်ပြန်လာရင် အကုန်လစ်ကုန်မှာစိုးလို့”

ဩဂုတ်လကုန်ကနေ စက်တင်ဘာ ၂၇ ရက်နေ့ထိ လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်မှု ခုနစ်ကြိမ် ရှိခဲ့ကြောင်းနဲ့ စုစုပေါင်း ဒေသခံသုံးဦး သေဆုံးခဲ့ပြီး ၃၈ ဦး ဒဏ်ရာရခဲ့တယ်လို့ စက်တင်ဘာ (၂၇) ရက်နေ့က MNDAA က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ပြီးနောက်ပိုင်း သြဂုတ် ၃၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။