မန်လန်းကျေးရွာကဒေသခံ ၁၀၀ ကျော် လားရှိုးမြို့ပေါ် ထွက်ပြေးတိမ်းရှောင်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်လန်းကျေးရွာတစ်ဝိုက်မှာ တပ်မတော်နဲ့ TNLA တပ်တွေရဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံ ၁၀၀ ကျော်ဟာ လားရှိုးမြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်လာပါတယ်။

ထွက်ပြေးလာသူတွေကို လားရှိုးမြို့ပေါ်က နမ့်ဆန်ကျောင်းတိုက်နဲ့ သာသနာ့ ၂၅၀၀ ကျောင်းတိုက်တွေ မှာ နေရာချပေးထားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ က လွေးပိုးကမေဲ;ခြိူဝ်း က ပြောပါတယ်။

" မန်လန်းကျေးရွာက ပြေးလာတာ၊ ဒီမှာ နမ့်ဆန်ကျောင်းရယ်၊ သာသနာ့ ၂၅၀၀ ကျောင်းရယ်၊ နမ့်ဆန်ကျောင်း မှာကျတော့ ၈၈ ယောက်ရှိတယ်၊ သာသနာ့ ၂၅၀၀ ကျောင်းမှာကျတော့ ၅၉ ဦးရှိတယ်ရှင့်"

တပ်မတော် ခမရ (၅၀၁-၅၀၃) စစ်ကြောင်းက မန်လန်းကျေးရွာကို ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က ဝင်ရောက် ခဲ့ပြီး ဒေသခံတွေကိုဖမ်းဆီးကာ စစ်ဆေးမေးမြန်း မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေ က ထွက်ပြေး တိမ်းရှောင်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လားရှိုးမြို့ပေါ်ကို ထွက်ပြေးလာသူတွေအပြင် တချို့တွေက နီးစပ်ရာဆွေမျိုးတွေဆီ ထွက်ပြေးကြ သူတွေ လည်း ရှိတာကြောင့် လက်ရှိမန်လန်းကျေးရွာမှာ လူဦးရေ ၃ ပုံ ၁ ပုံလောက်သာ ကျန်ရှိနေခဲ့ ကြောင်းလည်း လွေးပိုး ကမေဲ;ခြိူဝ်း က ပြောပါတယ်။

အလားတူ ကွတ်ခိုင်မြို့နယ်အတွင်းက ကျေးရွာတချို့မှာလည်း တပ်မတော်နဲ့ TNLA တပ်တွေရဲ့ တိုက်ပွဲတွေ ကြောင့် ဒေသခံတစ်ချို့သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိနေတဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေကို ရန်တန့်ပေးဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေတာတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ တအာင်းအမျိုးသမီးအဖွဲ့နဲ့ တအာင်းကျောင်းသားနဲ့ လူငယ် အဖွဲ့တို့က မနေ့ကရက်စွဲ နဲ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် တပ်မတော်ဘက်က ဖမ်းဆီးထားတဲ့ ဒေသခံရွာသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ရိုက်နှက်ညှင်းပန်းနှိပ်စက်ခံရသူတွေအပါအဝင် နစ်နာမှုတွေကို ကုစားပေးဖို့၊ ပြစ်မှုကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူပေးဖို့လည်း ထည့်သွင်းတောင်းဆိုထားပါတယ်။