တိုက်ပွဲပြင်းထန်နေတဲ့ လားရှိုးမှာ ဒေသခံတွေ မြို့ကိုစွန့်ခွာ
2024.07.05

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှုတွေ ရှိလာတဲ့နောက် ဇူလိုင်လ ၄ ရက်နေ့ကစလို့ မြို့ခံတစ်ထောင်ထက်မနည်း မြို့ကနေ ထွက်ခွာနေကြပြီး ကားတွေလည်း ရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေမရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နဲ့ မန္တလေးမြို့ကို အများဆုံးထွက်ခွာနေကြတာဖြစ်ပြီး တိမ်းရှောင်သူတွေ များတာကြောင့် ဇူလိုင်လ ၅ ရက် ဒီနေ့မနက်အထိ လမ်းမှာ ကားတွေပိတ်မိနေတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကကတည်းက ကားတန်းစီတာ အခုချိန်ထိပဲ၊ တော်တော်များတယ်၊ ကားတွေ ထောင်ချီတယ်။ အခုက သီပေါနဲ့ လားရှိုးကြား စဉ့်အင်မှာ ချောင်းကို စက်လှေနဲ့ပဲ ကားတွေကို ကူးနေရတော့ အဲမှာက တစ်ခါကူးရင် နှစ်စီးပဲ ကူးနိုင်တယ်။ တစ်နာရီမှာမှ ရှစ်စီးလောက်ပဲ ကူးနိုင်တော့ အဲမှာ ကားတွေ ပြုံနေလို့ ဒီဘက်က ကားတွေ မလွှတ်ဖို့ပြောလို့ အခုက အထွက် ပိတ်ထားတယ်။ အခုလားရှိုးမှာ ကားတန်းစီးနေတာက တော်တော်များတယ်”
ဒီနေ့မနက်မှာတော့ လားရှိုးမြို့အနီးမှာ လက်နက်ကြီးသံ၊ သေနတ်သံမကြားရသေးဘဲ တိတ်ဆိတ်နေတယ်လို့ နောက်ထပ် မြို့ခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့မနက်ကတော့ အသံတိတ်နေတယ်။ အခုက စစ်ကောင်စီတပ်တွေက နည်းနည်းတော့ ဆုတ်လာပြီ။ သိန္နီမြို့လမ်းဘက် နမ်တွန်းဘက်လည်း ၁၂ မိုင် လောက်ထိ နီးလာပြီ အစဖြစ်တဲ့အချိန်တော့ ၁၆ မိုင်အကွာလောက်မှာ ဖြစ်တာ”
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကြောင့် လားရှိုးတိုက်ပွဲ သုံးရက်အတွင်း အရပ်သားပြည်သူ ၁၃ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရထားသူတွေလည်းရှိတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီးဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်တဲ့ လာရှိုးမြို့ကို ဇူလိုင် ၃ ရက်နေ့ကစပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေပြီး လားရှိုးမြို့အပြင်မှာလည်း တိုက်ပွဲဖြစ်ပွားနေပါတယ်။