ဒဏ်ရာပြင်းထန်တဲ့သံဃာတွေ မန္တလေးဆေးရုံကို ပြောင်းရွှေ့ ကုသနေ

လက်ပန်တောင်းတောင် ကြေနီ စီမံကိန်းကို ဖျက်သိမ်းဖို့ သပိတ်စခန်း ဖွင့် ဆန္ဒပြနေသူတွေကို ဖြိုခွဲခံရမှုမှာ ထိခိုက်ဒဏ်ရာ ရခဲ့ကြတဲ့ သံဃာတော်တွေထဲက ၅ ပါးလောက်ဟာ ဒဏ်ရာအခြေအနေ ဆိုးဝါးနေတယ်လို့ သိရပါတယ်။

အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး မန္တလေးဘုရားကြီး အလယ်တိုက် ဆရာတော် ဦးဝိသုတစာရက RFA ကို အခုလို မိန့်ကြားပါတယ်။

" ပထမဆုံး ပြင်းထန်စွာဒဏ်ရာရတဲ့ ဆားလင်းကြီး မင်းတိုင်ပင်ရွာ ဆရာတော် ဒဏ်ရာတွေပြင်းထန်းပြီး ဒုတိယအကြိမ်ခွဲစိတ်ရမယ်၊ အလားတူ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ဆက်လက်ခွဲစိတ်ရမယ့် သံဃာတော် လေးပါးရှိတယ်"

ဒဏ်ရာပြင်းထန်စွာ ခံစားနေရတဲ့ သံဃာတွေထဲက ဆရာတော် ဦးတိက္ခဉာဏကို ပြည်ပမှာသွားရောက် ဆေးကူသဖို့ သက်ဆိုင်ရာ ဆရာဝန်တွေက အကြံပြုတဲ့အတွက် စင်္ကာပူကို သွားရောက်ကုသဖို့ ဗီဇာ လျှောက်တာကို အစိုးရက ခွင်မပြုဘူးလို့ သိရပါတယ်။

လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး လက်ပန်တောင်းတောင် ဒဏ်ရာရ သံဃာ့စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ သပိတ်စခန်းမှာ ဖမ်းဆီးခံရပြီး မုံရွာထောင်ကနေ လွတ်မြောက်လာတဲ့ ဆရာတော် ဦးဝိမလက အခုလို မိန့်ကြားပါတယ်။

"ဒဏ်ရာရနေတဲ့ သံဃာတော်တွေကို သုံးမျိုးခွဲပြီး ဆေးပိုင်းနဲ့ လှူဖွယ် ပစ္စည်းပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်နေ ပါတယ် ပြည်သူလူထုတစ်ရပ်လုံးကလည်း ပါဝင်လှူဒါန်းစေလိုပါတယ်"

ဒဏ်ရာရလူနာတွေကို မန္တလေးပြည်သူ့ဆေးရုံမှာ တစ်ပေါင်း တစ်စည်းထဲ ကုသဖို့အတွက် မုံရွာဆေးရုံကနေ သယ်ဆောင်လာပြီး လက်ရှိစာရင်းအရ ဆေးရုံမှာ တတ်ရောက်ကုသနေတဲ့ သံဃာတော်အပါး ၈၄ ပါးနဲ့ အရပ်သား ဦးရေ ၁၅ ဦးရှိပြီး မုံရွာဆေးရုံမှာ ကျန်ရှိနေတဲ့ လူနာတွေ ထပ်ရောက်လာဖို့ ရှိတယ်လို့ သိရပါတယ်။

မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ တတ်ရောက်ဆေးကုသမှု ခံယူနေတဲ့ လက်ပန်းတောင်းတောင် သပိတ်ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ သံဃာတော် အပါး (၃၀) ကျော်ကို ဒီကနေ့ မန္တလေးဆေးရုံက အတင်းဆင်းခိုင်းနေတယ်လို့ သိရပါတယ်။

အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆေးကုသမှု ခံယူနေတဲ့ သံဃာတော်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဆရာတော် ဦးသုကို RFA သတင်းထောက် မသူဇာ က ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00