အာဏာသိမ်းမှုကို ဆန့်ကျင်လို့ တိမ်းရှောင်နေရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြူဖြူခိုင် ကို မတွေ့လို့ စစ်ကောင်စီတပ်က သူ့ရဲ့ မိသားစုဝင်တွေကို ဖမ်းခေါ်သွားတာ သိရပြီးနောက် အဲဒီရှေ့နေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က မိမိကိုယ်ကို အဆုံးစီရင်ခဲ့တယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သူအဆုံးစီရင်တာကို ဘေးပတ်ဝန်းကျင်က မြင်တွေ့ခဲ့လို့ ကယ်တင်ခဲ့ပေမယ့် အသက် မမီတော့ဘဲ နောက်တစ်ရက်မှာ သေဆုံးခဲ့တာပါ။
ရှေ့နေ ဒေါ်ဖြူဖြူခိုင်က မိသားစုကို ခင်တွယ်တဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက် နေအိမ်မှာ မနေဘဲ တိမ်းရှောင်နေတာလို့ သူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“သူ့အသက်က ၃၀ လောက်ပဲ ရှိသေးတာ။ မိသားစုကိုလည်း ခင်တွယ်တဲ့သူပါ။ သူက တရားလွှတ်တော် ရှေ့နေ တစ်ယောက် ဖြစ်တယ်။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ ရှောင်တိမ်းနေရတယ်။ စစ်ကောင်စီက သူတို့ရှာတဲ့လူ မတွေ့ဘူးဆိုရင် မိသားစုကို ဖမ်းဆီးတာကတော့ ရှိတယ်။ အခုလို အဲဒီလို ဖြစ်သွားတော့ ရှေ့နေတွေ ပြောနေကြတာ သူသေဆုံးတာက ကွန်ဖန်း ဖြစ်တယ်”
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ဒေါ်ဖြူဖြူခိုင် နေထိုင်တဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ အုန်းချောရွာက နေအိမ်ကို စစ်ကောင်စီတပ်က လာရောက်စစ်ဆေးစဉ်မှာ သူ့ကို မတွေ့တဲ့အတွက် မိသားစုဝင်တွေဖြစ်တဲ့ သူ့ မောင်နဲ့ ညီမ နှစ်ဦး စုစုပေါင်း သုံးဦးကို ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။
ဒေါ်ဖြူဖြူခိုင်ဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ငွေကြေး ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲခံရတဲ့အတွက် ရှောင်တိမ်းနေရသူလည်းဖြစ်ပြီး သူ့ရဲ့ လူမှုကွန်ရက်မှာ တော်လှန်ရေး ပြီးရင် အိမ်ပြန်မယ်လို့ တင်ခဲ့ဖူးတယ်လို့ သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေါ်ဖြူဖြူခိုင်ရဲ့ မိသားစုဝင်သုံးဦးနဲ့လည်း ဒီနေ့ထိ အဆက်အသွယ် မရသေးသလို ဘယ်နေရာကို ဖမ်းခေါ်သွားတယ်ဆိုတာလည်း မသိရသေးဘူးလို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မိသားစုဝင်တွေကို ဖမ်းခေါ်သွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ သေဆုံးခဲ့ရတဲ့ အရပ်သား ၁၉၃၇ ဦး ရှိပြီလို့ ဇွန်လ ၁၃ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။