လက်ပံတန်းမြို့နယ်မှာ နေအိမ်နှစ်ရာခန့် မီးရှို့ခံရ

RFA Burmese
2024.08.29
လက်ပံတန်းမြို့နယ်မှာ နေအိမ်နှစ်ရာခန့် မီးရှို့ခံရ ပဲခူတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်က အုတ်ဖိုစုရွာနဲ့ ရေငံရွာကို ဩဂုတ်လ ၂၇ ရက်နေ့ ညပိုင်းမှာ စစ်ကာင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်နှစ်ရာခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။

အိမ်ခြေနှစ်ရာခန့်ရှိတဲ့ ရေငံရွာက နေအိမ် တစ်ရာခန့်နဲ့ အိမ်ခြေ တစ်ရာကျော်ရှိတဲ့ အုတ်ဖိုစုရွာက နေအိမ်တစ်ရာနီးပါး မီးလောင်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်တွေပါဝင်တဲ့ အင်အားတစ်ရာခန့်ပါစစ်ကြောင်းဟာ ဩဂုတ်လ ၂၇ ရက်နေ့မှာပဲ တောင်တန်းမြိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာချိန် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း အဲဒီစစ်ကြောင်းက နီးစပ်ရာရွာတွေကို ဝင်ရောက်မီးရှို့ခဲ့တာလို့ လက်ပံတန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"တိုက်ပွဲရပ်ပြီးတော့ ညမှာပဲ ရေငံရွာနဲ့ အုတ်ဖိုစုရွာကို မီးစရှို့တာပဲ။ ရေငံကတော့ အိမ်ခြေနှစ်ရာခန့်ရှိတာ တစ်ဝက်ကျော်ကျော်လောက် မီးလောင်သွားတယ်ဗျ။ အုတ်ဖိုစုရွာက အိမ်ခြေတစ်ရာကျော်လောက်ကို အကုန်လုံးပဲ မီးလောင်ကျွမ်းသွားတယ်"

ဩဂုတ်လ ၂၈ ရက်နေ့မှာလည်း မီးမလောင်ဘဲကျန်နေသေးတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးဆက်ရှို့နေတာကြောင့် ဒေသခံတွေနေရပ်မပြန်နိုင်သေးဘဲ လွတ်ကင်းရာမှာပဲ ရှောင်တိမ်းနေရတယ်လို့ ဆိုပါတယ်။

လတ်တလောတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိနေတာကြောင့် ရွာတွေကို မီးရှို့နေတာလို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလူအေးက RFA ကို ပြောပါတယ်။

"အဲဒီညအစောပိုင်း တိုက်ပွဲဖြစ်တယ်။ သူတို့တွေ တော်တော်ကျတယ်။ သူတို့ဘက်က ဒရုန်းတွေနဲ့ ကျွန်တော်တို့ကိုလာကြဲတယ်။ လက်နက်ကြီးတွေနဲ့ ထုတယ်။ ကျွန်တော်တို့ ဆုတ်ပေးခဲ့ရတာရှိတယ်။ ကျွန်တော်တို့ အဲရွာက ဆုတ်ပေးလိုက်တဲ့အခါမှာ သူတို့လာမီးရှို့တယ်ဗျ "

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မီးရှို့ဖျက်ဆီးခံရမှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့ကတော့ စစ်တပ်အာဏာသိမ်းထားတဲ့ ကာလအတွင်း စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် တစ်သိန်းနီးပါး (၉၅,၄၅၀ လုံး) ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဇူလိုင်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။