စစ်တပ်ရဲ့ ငွေဝင်ပေါက်ဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်ပိတ်ဆို့ပေးဖို့ ပြည်တွင်းပြည်ပက အရပ်ဖက်အဖွဲ့အစည်း ၅ဝဝ ကျော်စုပေါင်းပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဆီ စာရေးပေးပို့ တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီအပေါ် အမေရိကန် အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့တာတွေကို အသိအမှတ်ပြုပေမယ့် ဒီ MOGE ကိုလည်း မဖြစ်မနေ အမြန်ဆုံး ဒဏ်ခတ်ပိတ်ဆို့ဖို့ လိုတယ်လို့ စာထဲမှာ ရေးထားပါတယ်။
ဥရောပသမဂ္ဂ(အီးယူ)က MOGE လုပ်ငန်းကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလကစပြီး ဒဏ်ခတ်ပိတ်ဆို့ ထားပါတယ်။
အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့တာကိုကြည့်ရင် ထိရောက်မှု တွေ့နိုင်တာကြောင့် အမေရိကန်အစိုးရ အနေနဲ့လည်း အမြန်ဒဏ်ခတ်ဖို့လိုကြောင်း သမ္မတဘိုင်ဒင်ဆီပေးပို့တဲ့ စာထဲမှာ ရေးထားပါတယ်။
အဲဒီလုပ်ငန်းက ရတဲ့ငွေတွေနဲ့ မြန်မာစစ်တပ်ဟာ အပြစ်မဲ့ အရပ်သား ပြည်သူလူထု အပေါ် အကြမ်းဖက်သတ်ဖြတ် နေတယ်လို့ ဆိုပါတယ်။
အမေရိကန် သမ္မတဆီပို့တဲ့စာကို လူပေါင်း ၂၆၅၀၀ဝ လက်မှတ်ရေးထိုးထားပြီး၊ ပြည်တွင်း၊ ပြည်ပ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းပေါင်း ၅၀၉ ဖွဲ့က ထောက်ခံထားပါတယ်။
အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် မစ်ချ် မက်ကော်နယ် (Mitch McConnell)ကလည်း အမေရိကန်အစိုးရ အနေနဲ့ ဒီ MOGE ကို အဓိကထား အရေးယူရမယ်လို့ ဒီလထဲမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
စစ်အာဏာမသိမ်းခင်က မြန်မာပြည်မှာ MOGE ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်လောက် ဝင်ငွေရခဲ့ပေမယ့် အီးယူက အရေးယူပြီးနောက်၊ ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတွေ ထွက်သွားပြီးနောက်မှာ စစ်ကောင်စီအနေနဲ့ သန်း ၆၀၀ လောက် ထိခိုက်နစ်နာသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်း က RFA ကို ပြောဆိုဖူးပါတယ်။