ဂျပန်သင်တန်းဆင်း ဗိုလ်မှူးတစ်ဦး လူ့အခွင့်အရေးချိုးဖောက်မှုမှာ ပါဝင်နေ

ဂျပန်နိုင်ငံမှာ လေ့ကျင့်သင်ကြားခဲ့တဲ့ မြန်မာစစ်တပ်က ဒုတိယဗိုလ်မှူးကြီး လွှမ်းမိုးဟာ မကွေးတိုင်းမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်နေတယ်လို့ Justice for Myanmar နဲ့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တို့က ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်လိုက်ပြီး ဂျပန်နိုင်ငံအနေနဲ့ တခြား သင်တန်းတွေမှာပါ ခုလို စစ်ရာဇဝတ်မှု ချိုးဖောက်မှုတွေနဲ့ ပတ်သက်မှု ရှိ၊ မရှိကို စုံစမ်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဂျပန်နိုင်ငံ လေကြောင်းကွပ်ကဲမှုကောလိပ်မှာ ၂၀၁၆ ခုနှစ် သြဂုတ်လကနေ ၂၀၁၇ ခုနှစ် မတ်လအထိ ဒုဗိုလ်မှူးကြီးလွှမ်းမိုး တက်ရောက်ခဲ့ကြောင်း မှတ်တမ်းတွေအရ သိရှိရတယ် လို့ ဆိုပါတယ်။ လက်ရှိမှာ ဒုတိယဗိုလ်မှူးကြီး လွှမ်းမိုးဟာ မကွေးလေတပ်စခန်းမှာ ဒုတပ်ရင်းမှူးအနေနဲ့ တာဝန်ယူထားသူဖြစ်တယ်လို့ ခိုင်မာတဲ့သတင်းရင်းမြစ်တွေနဲ့ မီဒီယာတချို့မှာ ဖော်ပြနေတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းမှာ တိုက်ပွဲတွေဖြစ်နေပြီး မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာ၊ ရွာတွေကိုမီးရှို့တာ၊ ဒေသခံတွေကို အကျဉ်းချုံးစီရင်သတ်ဖြတ်တာတွေ ရှိနေတာကြောင့် စစ်ဘေးဒုက္ခသည် ငါးသောင်းကျော် ရှိတယ်လို့လည်း ဆိုပါတယ်။

"ဒုဗိုလ်မှူးကြီး လွှမ်းမိုးဟာ မကွေးတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့သူဖြစ်တယ်၊ ဂျပန်နိုင်ငံအနေနဲ့ မြန်မာစစ်အရာရှိတွေကို သင်တန်းပေးပြီး စစ်တပ်ကို ပြောင်းလဲနိုင်လိမ့်မယ်လို့ ယုံကြည်နေတာကို စွန့်လွှတ်သင့်တယ်" လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အာရှဒေသဆိုင်ရာ အရာရှိက ပြောပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်သင်တန်းသားတွေကို ၂၀၁၅ ခုနှစ်ကစလို့ သင်တန်းတွေ ပေးနေပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်က သင်တန်းသားနှစ်ဦးနဲ့ ၂၀၂၂ မှာ သင်တန်းသားနှစ်ဦးကို အသီးသီးသင်တန်း တက်ရောက်ခွင့်ပေးထားတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။