KIA ကို လီဆူ တိုင်းရင်းသားအဖွဲ့ ရှုတ်ချ

သြစတြေးလျနိုင်ငံရောက် လီဆူတိုင်းရင်းသားများ အစည်းအရုံးက ကချင်ပြည်နယ်မှာ နေထိုင်တဲ့ သူတို့ လီဆူ လူမျိုးတွေကို KIA ကချင်လွတ်မြောက်ရေးတပ်မတော်က သတ်ဖြတ်နေတယ်ဆိုပြီး ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်တစ်စောင်ကို ဇွန်လ ၁၅ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ KIA က လီဆူတိုင်းရင်းသား သုံးဦးကို ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က သတ်ဖြတ်ပြီးနောက် နစ်နာကြေးအဖြစ် တစ်ဦးကို ကျပ်သိန်း ၁၅ဝ နှုန်းပေးခဲ့ပေမယ့် ဝမ်းနည်းကြောင်း တစ်လုံးတစ်ပါဒမျှ ပြောဆိုခဲ့ခြင်း မရှိသလို နောက်နောင် ဒီလို ထပ်မံဖြစ်ပွားမှုမရှိအောင် ကတိပေးခြင်းလည်းမရှိဘူးလို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ၂ဝ၁၆ ခုနှစ်ကစပြီး KIA သတ်ဖြတ်ခဲ့တဲ့ လီဆူတိုင်းရင်းသား အနည်းဆုံး ၁၈ ဦးရှိသလို နှိပ်စက်ညှင်းပန်းမှုခံရသူ အရေအတွက် ရာပေါင်းများစွာရှိတယ်လို့ လီဆူအဖွဲ့အစည်းတွေက ပြောဆိုကြောင်းနဲ့ KIA ရဲ့ အခုလို ရက်စက်မှုတွေကို ပြစ်တင်ရှုတ်ချကြောင်း သြစတြေးလျနိုင်ငံရောက် လီဆူတိုင်းရင်းသားများ အစည်းအရုံးက ပြောပါတယ်။

အခုလို လီဆူတိုင်းရင်းသား အစည်းအရုံးရဲ့ ဖော်ပြချက်နဲ့ ပတ်သက်ပြီး KIA ရဲ့ တုံ့ပြန်ပြောကြားမှုကို မသိရသေးပါဘူး။ ဒါပေမဲ့ လီဆူတိုင်းရင်းသား သုံးဦးကို သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ KIA တပ်ဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က သတင်းမီဒီယာတွေကို မကြာခင်ရက်ပိုင်းက ပြောဆိုခဲ့ပါတယ်။