ကြေးနီစီမံကိန်း ပြန်စရင် တိုက်ခိုက် ဖျက်ဆီးသွားမယ်လို့ PDF အဖွဲ့တွေပြော

စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2022.04.21
Share on WhatsApp
Share on WhatsApp
ကြေးနီစီမံကိန်း ပြန်စရင် တိုက်ခိုက် ဖျက်ဆီးသွားမယ်လို့ PDF အဖွဲ့တွေပြော ၂ဝ၁၂ ခုနှစ် စက်တင်ဘာလက တွေ့ရသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်းခွင်တစ်ခု။
Photo: AFP

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက ဝမ်ပေါင်နဲ့ ယန်စီ ကြေးနီထုတ်လုပ်ရေး စီမံကိန်းတွေ အခုရက်ပိုင်းမှာ ပြန်စဖို့ လုပ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီစီမံကိန်းတွေကို တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်နေတာပါ။

တစ်ချိန်တည်းမှာပဲ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်က ဒေသခံ PDF ၁၆ ဖွဲ့ကလည်း ဒီစီမံကိန်းတွေ ပြန်စမယ်ဆိုရင် စီမံကိန်း လုပ်ငန်းခွင်ကို တိုက်ခိုက်ဖျက်ဆီးသွားမယ်လို့ ဧပြီလ ၂၁ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။

သတိပေးချက်ထုတ်တဲ့ PDF ၁၆ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ မြောက်ပိုင်းတော်လှန်ရေးအင်အားစု (NRF) အဖွဲ့ရဲ့ ပြောခွင့်ရသူက RFA ကို အခုလိုပြောပါတယ်။

"တရုတ်က စစ်ကောင်စီနဲ့ ပါတနာတွေ ဖြစ်နေတဲ့အတွက် တရုတ်ငွေရရင် စစ်ကောင်စီက ငွေရမယ်။ အခုအချိန်မှာ တရုတ်က အခွင့်အရေးယူပြီး သူတို့စီးပွားရေးကိုလည်ပတ်မယ်၊ စစ်ကောင်စီကလည်း အခွင့်အရေးပေးပြီး ငွေရအောင်လုပ်မယ်၊ လက်နက်တွေဝယ်နိုင်ရင် ကျနော်တို့ ပြည်သူတွေပဲ ပိုဖိနှိပ်ခံရမယ်၊ ဒါကြောင့် စစ်ကောင်စီ အကြီးမားဆုံး ငွေရနိုင်တဲ့ နည်းလမ်းကလည်း ဒါပဲဖြစ်လို့ ဒါကိုတားဆီးတာပါ။ ပြည်သူကို သတ်ဖို့ ကျည်ဆန်ဖိုး မရစေချင်လို့ သတိပေးချက်ထုတ်ပြန်ရတာပါ။"

သတိပေးချက်ထုတ်တဲ့ထဲမှာပါတဲ့ နောက်ထပ် PDF အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရှိသူ ကိုစစ်နိုင်ကလည်း အခုလိုပြောပါတယ်။

"ကျနော်တို့အနေနဲ့ အနီးနားလာပြီး တိုက်မှာတော့ မဟုတ်ပါဘူး၊ ကျနော်တို့ပိုင်ဆိုင်ထားတဲ့ ပညာရပ်နဲ့ အဝေးကြီးကနေ လှမ်းတိုက်နိုင်တဲ့ လက်နက်တွေ အများကြီးရှိပါတယ်။ ဒီစီမံကိန်းကို မတိုက်သေးဘူးဆိုတာ သံတမန်ရေးရာ၊ နိုင်ငံခြားအကျိုးစီးပွားပါနေလို့ မတိုက်သေးတာ၊ ကျနော်တို့နိုင်ငံထဲမှာ ကျနော်တို့ကို ယုတ်မာတဲ့သူတွေကိုပဲ တိုက်ခိုက်မှာ၊ နိုင်ငံခြားသားတွေကို တိုက်ခိုက်ဖို့ အစီအစဉ်မရှိဘူး၊ ဒါပေမဲ့ သူတို့အနေနဲ့ စစ်တပ်နဲ့ ဆက်ပြီးပူးပေါင်းတယ်၊ ပြည်သူတွေကို နှိပ်စက်နေတယ်ဆိုရင်တော့ မဖြစ်မနေ တိုက်ခိုက်ရမယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်"

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီစီမံကိန်းမှာ အလုပ်လုပ်နေတဲ့ ဒေသခံဝန်ထမ်း ၈ဝ ရာခိုင်နှုန်းကျော်ဟာ အလုပ်ဆက်မလုပ်ဘဲ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ဒီစီမံကိန်းကို တစ်နှစ်ကျော်လောက် ရပ်နားထားရတာပါ။

ဒါပေမဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဧပြီလအစောပိုင်း တရုတ်ခရီးစဉ်အပြီးမှာ စီမံကိန်းတွေ ပြန်စဖို့ လုပ်လာတာတွေ့ရပြီး CDM အလုပ်သမားတွေကိုလည်း အလုပ်ပြန်လာလုပ်ဖို့ ဆွဲဆောင်တာတွေရှိလာတာလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပေါင်းလုပ်နေတဲ့ အဲဒီစီမံကိန်းတွေမှာ အလုပ်ပြန်မလုပ်ကြဖို့ ဒေသခံသပိတ် ခေါင်းဆောင်တွေကလည်း တိုက်တွန်းနေကြတာပါ။

"တရုတ်နိုင်ငံဟာ စစ်ကောင်စီကို လူရာသွင်းခံရဖို့ အသိအမှတ်ပြုခံရဖို့ တစိုက်မတ်မတ် လုပ်ပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျမတို့ ပြည်သူကို မျက်နှာမမူဘဲ ကျမတို့ရန်သူဖြစ်တဲ့ စစ်ခေါင်းဆောင်ကို လူရာသွင်းနေတဲ့ တရုတ်ဟာ ကျမတို့ ဘုံရန်သူထဲမှာ ပါဝင်ပါတယ်။ လစာ သုံးလ မကဘူး၊ ဘယ်လောက်ပေးပေး ပြည်သူ့ဘက်ကိုပဲ မျက်နှာမူပါ၊ ရန်သူ့ လုပ်ငန်းခွင်မှာ လုပ်ဖို့ စိတ်မကူးလိုက်ပါနဲ့"

နောက်ထပ် ဒေသခံ သပိတ်ခေါင်းဆောင်တစ်ဦးကလည်း " နိုင်ငံခြားရေးက စစ်ကောင်စီခန့် ဦးဝဏ္ဏမောင်လွင်ရဲ့ တရုတ်ခရီးစဉ်အပြီးမှာ ဒီစီမံကိန်းစဖို့ တာဆူလာတယ်၊ အလုပ်သမားတွေကို အထက်လူကြီးတွေက ဖုန်းဆက်ပြီး အလုပ်ပြန်ဆင်းမှာလား မေးတယ်၊ လုပ်ငန်းဘာကြောင့်ပြန်လည်ဖို့ လုပ်နေလဲဆိုရင် စစ်ကောင်စီမှာ ငွေလိုတယ်၊ တရုတ်ဘက်ကလည်း ဒီစီမံကိန်းရပ်ဆိုင်းထားတာ ၁၄ လလောက်ကြာပြီ။ သူ့မှာ ဆုံးရှုံးမှုတွေ များလာပြီလေ"

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဧပြီလအစောပိုင်း တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်‌ကြီး ဝမ်ယိနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံမှာ အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ထောက်ခံသွားမယ်လို့ တရုတ်အစိုးရဘက်က ပြောဆိုခဲ့ပါတယ်။

000_Hkg8053920.jpg
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတူးဖော်မှုကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့က ကန့်ကွက်ဆန္ဒပြနေသူများ။ (Photo: AFP)

ဒီပြောဆိုချက်ဟာ အာဏာသိမ်းပြီးနောက် မြန်မာအာဏာသိမ်းစစ်ကောင်စီကို ထောက်ခံကြောင်း တရုတ်ဘက်ကပြလိုက်တဲ့ ပြတ်ပြတ်သားသား ရပ်တည်ချက်လည်း ဖြစ်ပါတယ်။

ဒီတရုတ်ရဲ့ ရပ်တည်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က စိတ်ပျက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က RFA ကိုပြောဖူးပါတယ်။

“တော်တော်ကို စိတ်ပျက်စရာကောင်းတဲ့ ဆောင်ရွက်ချက်လို့ပဲ ကျမတို့အနေနဲ့ မြင်ပါတယ်။ မြန်မာပြည်သူလူထုရဲ့ ဆန့်ကျင်ဘက်မှာ ဘေဂျင်းက ရပ်တည်သွားပြီလားပေါ့”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရုတ်-မြန်မာအရေး လေ့လာသူတစ်ဦးက "NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နဲ့ စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာပြည်သူတွေရဲ့ လိုလားတောင့်တချက်ကို ဆန့်ကျင်တယ်လို့ သတိပေးထုတ်ပြန်ခဲ့တယ်၊ သတိပေးပြောဆိုမှုတွေလည်း ပါလာတာတွေ့ရမယ်။ နောက်ဆက်တွဲအနေနဲ့ Local PDF တွေရဲ့ တရုတ်စီမံကိန်းတွေကို တော်လှန်ပုန်ကန်မှုတွေဟာ သိပ်ပြီးအံ့သြစရာမရှိပါဘူး၊ တရုတ်က စစ်ကောင်စီကို ထောက်ခံခိုင်းတဲ့အပေါ်မှာ စစ်ကောင်စီဘက်က တရုတ်စီးပွားရေးတွေကို ဘယ်လောက်ကာကွယ်နိုင်လဲဆိုတာ PDF တွေက သတိပေးတာ၊ တကယ်မြေပြင်စိုးမိုးမှုက စစ်ကောင်စီလက်ထဲမှာရှိလား၊ မြေပြင် PDF တွေလက်ထဲမှာရှိလားဆိုတာ တရုတ်နိုင်ငံအနေနဲ့ မေးခွန်းပြန်ထုတ်သင့်တယ်၊ အဲဒီအပေါ်မှာ ပြန်လည်သုံးသပ်ပြီး NUG အပေါ်မှာ စေ့စပ်ဆွေးနွေး ညှိနှိုင်းတာတွေ ရှိလာမလဲဆိုတာ ဆက်စောင့်ကြည့်ရမယ်"

လက်ပံတောင်းတောင်ဒေသက ဝမ်ပေါင်နဲ့ ယန်စီ ကြေးနီထုတ်လုပ်ရေး စီမံကိန်းတွေ အခုရက်ပိုင်းမှာ ပြန်စဖို့လုပ်နေတယ်၊ ဒီလိုပြန်စရင် တိုက်ခိုက်မှုတွေ လုပ်သွားမယ်ဆိုတဲ့ PDF အဖွဲ့တွေရဲ့ သတိပေးချက်နဲ့ ပတ်သက်လို့ ကုမ္ပဏီဘက်က တုံ့ပြန်ချက်မရသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးဖို့ RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေဆိုတာ မရှိပါဘူး။

မူဝါဒနဲ့ မဟာဗျူဟာလေ့လာရေး အင်စတီကျု့ (ISP Myanmar)ရဲ့ လေ့လာတွေ့ရှိချက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် အစောပိုင်းမှာ တရုတ်အထည်ချုပ်စက်ရုံ ၃၂ ရုံ မီးရှို့ခံရပြီး၊ တရုတ်ဂတ်စ်ပိုက်လိုင်း အစောင့်ရဲတွေ တိုက်ခိုက်ခံရတာ၊ လက်ပံတောင်းတောင် စီမံကိန်းအတွက် သွယ်တန်းထားတဲ့ ရေပိုက်လိုင်း မိုင်းခွဲခံရတာ၊ တကောင်းနီကယ်စက်ရုံကို သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင် သုံးတိုင်ကို PDF က မိုင်းခွဲတိုက်ခိုက်တာတွေ ရှိခဲ့တာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့