ဖားကန့်မှာ တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေးနေရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် လူနှစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့် ဝှေခါရွာနဲ့ နမ့်တိန်ရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်စခန်းနှစ်ခုကို ကေအိုင်အေနဲ PDF ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာ သွားရောက် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြုပြီး နေ့တိုင်းနီးပါး လာရောက် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ရွာထဲမှာ တိုက်ပွဲဖြစ်တာ မရှိပေမယ့် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ရန်ကို စိုးရိမ်တာကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတာလို့ ဝှေခါရွာက ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လက်နက်ကြီး ဆိုတာကလည်း ဝှေခါရွာ ဗျူဟာကုန်းကနေ နေ့စဉ်လိုလို ပစ်တာပါ။ အိမ်တွေ ထိမှန်တာတွေလည်း ရှိတယ်။ လေကြောင်းကနေ နေ့တိုင်း လာပစ်တယ်၊ ဗုံး လေးငါးလုံး ချလိုက် ပြန်လိုက်နဲ့ လေကြောင်းရော လက်နက်ကြီးနဲ့ရောဆိုတော့ ရွာမှာ ဘယ်သူမှကို မနေရဲတော့တာ”

ဒါ့အပြင် စစ်ကောင်စီဘက်က ဇန်နဝါရီ ၈ ရက်နေ့ကလည်း ဝှေခါရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသခံ နှစ်ဆယ်နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကိုကိုကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ဖားကန့်မှာ ဇန်နဝါရီ ၆ ရက်နေ့ကစလို့ ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို ဝှေခါ၊ နမ့်တိန်၊ နန့်ယား၊ ကပ်မှော်၊ တံတားညီနောင်၊ ဆိုင်းရာ စတဲ့ရွာတွေကနေ ဒေသခံ နှစ်သောင်းနီးပါးဟာ ဆိုင်းတောင်ရွာနဲ့ တာမခံရွာဘက်ကို ထွက်ပြေး ခိုလှုံနေရတယ်လို့ ဒုက္ခသည် ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို ခရစ်ယာန် ဘုရားကျောင်းဝင်းနဲ့ ဘုန်းကြီးကျောင်းဝင်းတွေမှာ ယာယီ နေရာချထားပေးပြီး စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ဆိုပါတယ်။

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်အင်ဘန်လက အခုနှစ်ဟာ အပြောင်းအလဲတွေ မြင်တွေ့ရမယ့် နှစ်ဖြစ်သလို ပြည်သူတွေ စစ်ရေး သတိရှိကြဖို့ သူ့ရဲ့ နှစ်သစ် မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ နှစ်သန်းခြောက်သိန်းကျော်ရှိလာပြီလို့လည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။