မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊လာပို့ရွာကို ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်လာပြီး ဒေသခံ လူငယ်နှစ်ဦးကို ပစ်သတ်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
အသက် ၁၈ ဝန်းကျင်ရှိ ကိုချစ်ရှိုင်းနဲ့ အသက် ၄ဝ ဝန်းကျင် ကိုဝေလင်းဦး (ခေါ်) ကိုဆံရှည် တို့ကို ဒေသခံခုခံကာကွယ်ရေးတပ်ဖွဲ့ PDF တပ်သားတွေလို့ ယူဆပြီး ပစ်သတ်သွားတာလို့ ဆိုပါတယ်။
အသတ်ခံရသူတွေရဲ့ အလောင်းတွေကို ရွာထိပ်ဇရပ်မှာ စွန့်ပစ်ခဲ့ပြီး ဘယ်သူဘယ်ဝါးမှန်း မသိရလောက်အောင် မီးရှို့ထားခဲ့တယ်လို့လည်း ရွာသားတစ်ဦးက ပြောပါတယ်။
"သူတို့ (စစ်တပ်)က ရွာထဲမှာ လူတွေ မနေရဲအောင် လက်နက်ကြီးနဲ့ ပစ်တယ်။ ရွာကို လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ပြီး ရွှေတွေငွေတွေ အဓိကရှာတာပေါ့ဗျာ၊ တွေ့တဲ့သူကိုလည်း ပစ်တာပဲ။ ရွာမြောက်ပိုင်းက ခြောက်ယောက် အဖမ်းခံရတယ်ဗျ၊ သူတို့လည်း ကန်ကျောက်တာ၊ ရိုက်နှက်တာတော့ ခံရတယ်။ ဆိုးဆိုးဝါးဝါးကြီး ခံရတာမျိုးတော့ မရှိဘူး"

လာပို့ရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကလေးမြို့ အခြေစိုက် ခမရ ၃၆၃ တပ်ရင်းဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။ ရွာနေ မောင်နှမတစ်စုအိမ်ကနေ ငွေ ၁၄ သိန်း ၅ ထောင်နဲ့ ရွှေ သုံးကျပ်သားကိုလည်း ခမရ ၃၆၃ တပ်သားတွေက ယူသွားတယ်လို့ ဆိုပါတယ်။ ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ ခမရ ၃၆၃ ဘက်ကိုတော့ RFA က မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
ရွာသားတွေဟာ အဲဒီတပ်ရင်း ဝင်လာချိန်မှာ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြပြီး လက်ရှိမှာတော့ ရွာထဲ ပြန်နေနေကြပြီလို့ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကလည်း ဂန့်ဂေါနယ်ထဲက ညောင်လယ်ရွာနဲ့ ခေါင်းတုံရွာတွေမှာ အရပ်သား ၅ ဦးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ ဂန့်ဂေါ PDF ဘက်က အထောက်အထား ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲဒီ ဒေသခံ ၅ ဦးဟာ အိမ်တစ်အိမ်မှာ သံကြိုးနဲ့ချည် မီးရှို့ခံထားရတာလို့ PDF ဘက်ကပြောပါတယ်။ ဂန့်ဂေါဘက်က အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာတွေကို မီးရှို့တာ၊ ရွာသားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေ ရှိတယ်လို့ ဒေသခံတွေဘက်က မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ပြောဆိုနေပေမယ့် စစ်ကောင်စီဘက်ကတော့ ဒါတွေဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ တစိုက်မတ်မတ် ငြင်းဆိုနေပါတယ်။