ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ကုလားကွဲရွာနဲ့ လုံခံရွာအနီးမှာ ဒီနေ့မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်နေပါတယ်။
စစ်ကောင်စီဘက်က ဒီကနေ့ ညနေပိုင်းမှာ ရဟတ်ယာဉ်သုံးစင်းနဲ့ပါ ကျေးရွာတွေနား လာရောက်ပစ်ခတ်ခဲ့လို့ ရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံက RFA ကိုပြောပါတယ်။
"မနက်ကတည်းက ဖြစ်နေတာ တိုက်ပွဲက။ ရွာကနေ အသံတွေကြားနေရတယ်။ အခုကို ပစ်နေသံ ကြားရတယ်၊ ရွာသားတွေ တချို့ကတော့ ကျွဲတွေနွားတွေနဲ့ ကွင်းထဲမှာဆိုတော့ ထိကုန်ပြီလားတောင်မသိဘူး။ တောထဲကို ပြေးနေကြသူလည်းရှိတယ်"လို့ ကုလားကွဲ ရွာသားတစ်ဦးကို ဒီနေ့ညနေပိုင်းမှာ RFA ကိုပြောပါတယ်။
ဒီမနက်တိုက်ပွဲကြောင့် ကုလားကွဲရွာက ရွာသားတစ်ရာဝန်းကျင်လောက် ဒိုးပင်ကျေးရွာဘက် တိမ်းရှောင်နေကြပြီး ကျန်တဲ့သူတွေကတော့ ရွာမှာပဲ ပိတ်မိနေကြတယ်လို့လည်း ဆိုပါတယ်။ လုံခံရွာမှာလည်း ရွာသားတွေ ဘေးလွတ်ရာပြေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံက ပြောပါတယ်။
ကုလားကွဲရွာဟာ အိမ်ခြေ ၁၇၆ အိမ်ရှိပြီး လူဦးရေ ၄၀၀ ကျော်နေထိုင်ပါတယ်။ လုံခံရွာမှာတော့ အိမ်ခြေ ၈၀ ဝန်းကျင်နဲ့ လူဦးရေ ၂၀၀ လောက် နေထိုင်ပါတယ်။
ဒီနေ့တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
သြဂုတ်လဆန်းပိုင်းကလည်း နောင်ချိုမြို့နယ် ရတနာသိင်္ဂီကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊TNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲကြောင့် ရတနာသိင်္ဂီနဲ့ အနီးအနားကျေးရွာက ဒေသခံသုံးရာကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး မကြာခင်ကမှ နေရပ်ပြန်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။