ကယားပြည်နယ် လွိုင်ကော်မြို့နယ် ဒေါပေါ်ကလဲကျေးရွာအနီးမှာ ဇွန်လ ၉ ရက် မနေ့ ညနေ ၄ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးနှစ်ချက် ရွာထဲကို ကျရောက်ပေါက်ကွဲရာကနေ ရွာခံအမျိုးသမီးတစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံကိုပို့ဆောင်ရာမှာ တစ်ဦး သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"လက်နက်ကြီးက အိမ်ထဲကို ကျတဲ့အချိန်မှာ ထိသွားတာပါ။ တိုက်ပွဲက ရွာနဲ့ အနီးလောက်မှာ ဖြစ်ပြီး လက်နက်ကြီးက ရွာထဲကို ကျသွားတာပါ။ အဲချိန် လက်နက်ကြီး ထိမှန်သူတွေကိုလည်း ကားတွေပေါ်တင်ရင်း ဆေးရုံကို ပို့ခဲ့ကြပါတယ်။ အဲမှာ တစ်ယောက်ဆုံးသွားတာ"
သေဆုံးသူဟာ ဒေါပေါ်ကလဲရွာက အသက် ၅၄ နှစ်အရွယ် ဒေါ်ဖရေးမြာဖြစ်ပြီး ထိခိုက် ဒဏ်ရာရသူတွေကတော့ အသက် ၃၁ နှစ်အရွယ် ဦးစူးရယ်၊ အသက် ၅၆ နှစ်အရွယ် ဦးထားရု၊ အသက် ၈၀ အရွယ် ဦးဖလိုးရယ်၊ အသက် ၅၂ နှစ်အရွယ် ဒေါ်ကိုးမြာတို့ ဖြစ်တယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းက ထုတ်ပြန်ထားပါတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေကို လွိုင်ကော်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။
အဲဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်နဲ့ ဘယ်လက်နက်ကိုင်အဖွဲ့တို့ ဖြစ်ပွားတယ်ဆိုတာ ကိုတော့ မသိရသေးပါဘူး။
စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ ယခင်ကတော့ သူတို့အနေနဲ့ အရပ်သားတွေအပေါ် ထိခိုက်အောင်လုပ်စရာအကြောင်း မရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ် က လက်နက်ကြီးပစ်ခတ်ရာကနေ အရပ်သား အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ဇွန်လ ၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သားအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသားတစ်ဦးလည်း လက်နက်ကြီးသံကြောင့် နှလုံးရပ်ပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကယားပြည်နယ်နဲ့ ဖယ်ခုံမြို့နယ်အတွင်း ထိခိုက် ဒဏ်ရာရတဲ့ အရပ်သား ၂၀၂ ဦးရှိပြီး သေဆုံးသူ အရပ်သား ၂၅၂ ဦးရှိတယ်လို့ ဒေသခံ အရပ်ဘက်အဖွဲ့တွေက ပြောဆိုထားကြပါတယ်။