လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ငါးဦးကို ငွေဒဏ်ချမှတ်ပြီး ပြန်လွှတ်မည်

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ မပါဝင်ခဲ့တဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် တာဝန်ရှိသူငါးဦးကို ငွေဒဏ် ကျပ်ဆယ်သိန်းစီပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ပြီး ပြန်လွှတ်ဖို့ ဟိုယာမြို့နယ်တရားရုံးက ဒီဇင်ဘာလ ၅ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်နေတဲ့ တပ်မိသားဝင်သုံးဦးကိုတော့ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အထွေထွေအတွင်းရေးမှူး ခူပလုရယ်က ပြောပါတယ်။

CDM လှုပ်ရှားမှုမှာ မပါဝင်တဲ့ လွိုင်ကော်တက္ကသိုလ် ဝန်ထမ်းတွေထဲက လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးဦးကို တရားစွဲအရေးယူနိုင်ဖို့ တရားရေးဌာနကို လွှဲပြောင်းသွားမှာဖြစ်ပြီး စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်နေတဲ့ တပ်မိသားစုဝင်သုံးဦးကိုလည်း စစ်ဖက်ဆိုင်ရာ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးအရေးယူနိုင်ဖို့ စစ်ခုံရုံးကို လွှဲပြောင်းသွားမယ်လို့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ခဲ့တာပါ။

ကရင်နီပြည်မှာ "၁၁၁၁" စစ်ဆင်ရေးအတွင်း ကရင်နီပူးပေါင်းတပ်တွေဟာ လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းနဲ့ မိသားစုဝင် စုစုပေါင်း ၂၀၄ ဦးကို ခေါ်ထုတ်ခဲ့ပါတယ်။

အဲဒီနှစ်ရာကျော်ထဲက ၁၉၃ ဦးဟာ စစ်ကောင်စီရဲ့ ယန္တရားတွေမှာ မပါဝင်ကြောင်း ကတိခံဝန်ချက် လက်မှတ်ရေးထိုးပြီးနောက် IEC က ကရင်နီပြည်နယ် ပြင်ပကို နယ်နှင်ဒဏ်ပေးလိုက်တယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမတွေနဲ့ မိသားစုဝင်တွေကို KNPP နဲ့ PDF အဖွဲ့တွေက ဖမ်းသွားတာလို့ စွပ်စွဲခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူတွေ ရှိပေမဲ့ ဆက်လက်ဖမ်းဆီးခံထားရဆဲ ၁၁ ဦး လွတ်မြောက်ဖို့ ကြိုးစားသွားမယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကတစ်ဆင့် ပြောဆိုခဲ့ပါတယ်။