ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမအနီး ကန္တာဟေဝန်ပန်းခြံထဲမှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိမယ့် အပေါ် ကန့်ကွက်ဆန္ဒပြသူတွေဟာ ခွင့်ပြုမိန့် မတင်တဲ့အတွက် ဥပဒေကို ချိုးဖောက်တယ်လို့ ကယားပြည်နယ် ဝန်ကြီးချုပ် က ပြောပါတယ်။
ဆန္ဒပြသူတွေဟာ ငြိမ်းစုစီဥပဒေအတိုင်း ခွင့်ပြုမိန့် မတင်သလို တားမြစ်ထားတဲ့ ဂိတ်တွေကို ဖောက်ထွက်တာ တွေ လုပ်တဲ့အတွက် ဥပဒေတွေကို ချိုးဖောက်တယ်လို့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ပြောပါတယ်။
"အရပ်သားအစိုးရက လုပ်ခွင့်ပေးထားတာပဲ၊ ငြိမ်းစုစီဆိုတဲ့ ကိစ္စကိုလေ၊ ကန့်ကွက်ထားတာ တစ်ခုမှမရှိဘူး၊ ဥပဒေနဲ့အညီ ငြိမ်းစုစီကို လုပ်ဖို့တော့ လိုတာပေါ့၊ အဲတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့ နေရာမှာ ဥပဒေနဲ့လည်း မညီဘူး၊ ငြိမ်းစုစီ ဥပဒေနဲ့လည်း မတင်ဘူး၊ ၂၄ နာရီအတွင်းလည်း မတင်ဘူး၊ ခေါ်ယူညှိနှိုင်းတော့လည်း မလာ ဘူး၊ ဂိတ်တွေတားထားတော့လည်း ဒါတွေကို ဖြတ်ဝင်တယ်ဆိုတော့ ရှင်းရှင်းပြောမယ်ဆိုရင် တရားဥပဒေ စိုးမိုးရေးတွေ၊ ဥပဒေတွေကို ချိုးဖောက်တာပေါ့၊ လွန်လွန်ကျူးကျူးဖြစ်သွားတာတော့ မရှိဘူးပေါ့၊ သူတို့ဒီလို ထင်တိုင်းကြဲနေမယ်ဆိုရင် ကျနော်တို့ လိုလားတဲ့ ဒီမိုကရေစီကလည်း ပေါ်မှာမဟုတ်ဘူး၊ အဲဒီအပေါ်မှာတော့ ကျနော်တို့ အစိုးရအနေနဲ့ ဘာစီမံမလဲဆိုရင် အများပြည်သူက လိုလားလက်ခံတယ်ဆိုရင် အများပြည်သူရဲ့ဆန္ဒကို လိုက်လျောပေးရမှာပဲ၊ ဒီမိုကရေစီကို ဖော်ဆောင်ချင်တယ်ဆိုရင်တော့ အများရဲ့ဆန္ဒကို လိုက်ရတာပဲ၊ လူ ၁၀၀ မှာ ၁၀၀ % တော့ ဘယ်သူမှ မထောက်ခံဘူး၊ အများက လက်ခံတယ်၊ လိုလားတယ် ဆိုရင်တော့ အများရဲ့ဆန္ဒ ကို ဖော်ပေးရမှာက ပြည်သူ့အစိုးရရဲ့တာဝန်ပဲ"
ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကို ပြည်နယ်တစ်ခုလုံးက လိုလားပြီး လူနည်းစုတစ်ခုကသာ ရုန်းရင်းဆန်ခတ်လုပ်တာ ဖြစ်တဲ့အတွက် ပြည်နယ်အစိုးရအနေနဲ့ အများဆန္ဒကို ဖော်ဆောင်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် က ပြောပါတယ်။
ဆန္ဒပြပွဲ ဦးဆောင်သူတွေကတော့ ဆန္ဒပြဖို့အတွက် မြို့နယ် ရဲတပ်ဖွဲ့ထံကို ဇူလိုင်လ ၁ ရက်နေ့က အကြောင်းကြား စာ ပေးပို့ထားပြီးဖြစ်တယ်လို့ ပြောကြပါတယ်။ အဲဒီအကြောင်းကြားစာနဲ့ပတ်သက်ပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ် ရဲတပ်ဖွဲ့ဘက်က ညှိနှိုင်းဖို့ ခေါ်ယူတာကိုတော့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက မသွားခဲ့ကြဘူးလို့ ပြောပါတယ်။
လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိမယ့်အစီအစဉ်ကို ဒေသခံတွေနဲ့ လူငယ်အဖွဲ့တွေက မနေ့က လူအင်အား ၇၀၀ လောက်နဲ့ ဆန္ဒပြ ကန့်ကွက်တာဖြစ်ပါတယ်။
ပြည်နယ်ခန်းမနဲ့ မြို့တော်ခန်းမကြားမှာ ရဲတပ်ဖွဲ့ အင်အား ၁၀၀ လောက်က ပိတ်ဆို့တားဆီးခဲ့ရာမှာ နှစ်ဖက် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တစ်ဦး အဖမ်းခံခဲ့ရပါတယ်။ အဲဒီနောက် ဖမ်းခံရသူတစ်ဦးကို ရဲတပ်ဖွဲ့က လွှတ်ပေးပြီး ဆန္ဒပြသူတွေကလည်း လူစုခွဲကာ ဆန္ဒပြပွဲကို အဆုံးသတ်လိုက်တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး ကယားအရပ်ဖက်အဖွဲ့ ၇ ဖွဲ့က ကန့်ကွက်ကြောင်း ပြည်နယ်အစိုးရထံ ပြီးခဲ့တဲ့ ဇွန်လအတွင်းက စာပေးပို့ထားသလို ကန့်ကွက်စာတွေလည်း မြို့ပေါ်မှာ ဖြန့်ဝေတာတွေ ရှိပါတယ်။
အဲဒီလိုကန့်ကွက်စာ ဖြန့်ဝေမှုကြောင့် လူငယ် ၁၀ ဦးဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ) နဲ့ လွိုင်ကော်မြို့နယ် တရားရုံးမှာ တရားစွဲဆိုခံထားရပါတယ်။
