လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ငါးဦး ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်ခံရ

RFA Burmese
2024.03.06
လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ငါးဦး ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်ခံရ ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ KNDF ထုတ်ပြန်သည့် ဗီဒီယိုတွင် တွေ့ရစဉ်။
Screenshot: KNDF - Facebook video

ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်နဲ့ သူ့ရဲ့မိခင်၊ ကထိကနဲ့ တာဝန်ရှိသူတစ်ဦး စုစုပေါင်း ငါးဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ထောင်ဒဏ်နှစ်နှစ်အပြင် ငွေဒဏ်ကျပ်ကိုးသိန်းစီ ပြစ်ဒဏ်ချလိုက်တယ်လို့ ကရင်နီပြည်နယ် ပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က ဒီနေ့မှာ ပြောပါတယ်။

အသက် ၅၉ နှစ်အရွယ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်နဲ့ အသက် ၅၄ နှစ်အရွယ် ဒုတိယပါမောက္ခချုပ် ဒေါ်သီတာ အပါအဝင် စုစုပေါင်း ၂၀၄ ဦးကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် လွိုင်ကော်မြို့မှာ တိုက်ပွဲစဖြစ်တဲ့နေ့ ကတည်းက ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ခေါ်ထုတ်ထိန်းသိမ်းထားခဲ့တာပါ။

ဒီအထဲက ပါမောက္ခချုပ် အပါအဝင် ငါးဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေ - ၁၇/၁ နဲ့ တရားစွဲဆိုခဲ့ပြီးနောက် စစ်ဆေးပေါ်ပေါက်ချက်နဲ့ စွပ်စွဲခံရသူတွေရဲ့ ထွက်ဆိုချက်ကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှတ်ခဲ့တာလို့ ကရင်နီပြည်နယ် ပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က RFA ကို ပြောပါတယ်။

“သက်သေအထောက်အထားတွေကတော့ တရားလိုဘက်ကနေ တင်သွင်းလာတဲ့ အချက်အလက်တွေကြောင့်ပေါ့နော်၊ ကျွန်တော်တို့ အမိန့်ချလိုက်ခြင်းဖြစ်တယ်။ နောက်ပြီးတော့မှလည်း ဒီငါးဦးကတော့ သူတို့ ဝန်ခံထားတာလည်း ရှိတယ်ပေါ့နော်။ ကျန်တဲ့ ထိန်းသိမ်းထားသူတွေထဲမှာတော့ တချို့ကတော့ နယ်နှင်ဒဏ်ပေးလိုက်တယ်။ တချို့ကိုတော့ ခံဝန်နဲ့ပေါ့နော် (IEC) ကနေပြီးတော့မှ ဆောင်ရွက်ထားပါတယ်”

ပါမောက္ခချုပ် အပါအဝင် ၂၀၄ ဦးကို ဘေးလွတ်ရာ ခေါ်ထုတ်ထိန်းသိမ်းထားချိန်မှာလည်း လူသားချင်း စာနာထောက်ထားမှု လူ့အခွင့်အရေး စံနှုန်း၊ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားခဲ့တယ်လို့ (IEC) ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောထားပါတယ်။

(IEC) ရဲ့ စာရင်းအရ အမျိုးသမီး ၁၄၉ ဦးနဲ့ အမျိုးသား ၅၅ ဦးဖြစ်ပြီး ၁၈ နှစ်အောက် ကလေး ၃၁ ဦး ပါဝင်ပါတယ်။

စွပ်စွဲခံရသူတွေအတွက် ခုခံချေပခွင့်နဲ့ ရှေ့နေခေါ်ခွင့်ပေးခဲ့ပေမယ့် နယ်မြေအခြေအနေကြောင့် ရှေ့နေနဲ့ ခုခံချေပခွင့်တော့ မရခဲ့ဘူးလို့ ကရင်နီပြည်နယ် ပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က ပြောပါတယ်။

"ရှိပါတယ် ခုခံချေပခွင့်က။ ရှေ့နေလည်း ခေါ်ခွင့်ရှိပါတယ်။ တစ်ခုပဲ ကျွန်တော်တို့ဆီမှာ မြေပြင်အခြေနေအရ ရှေ့နေခေါ်ဖို့က အခက်အခဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးတဲ့နယ်မြေတွေနဲ့ စကစစိုးမိုးနယ်မြေက စည်းခြားထားသလို ဖြစ်နေတဲ့အတွက် ဘယ်ရှေ့နေမှလည်း မလာရဲကြဘူး အဲလိုတော့ ရှိပါတယ်"

ပြစ်ဒဏ်ချခံရသူတွေနဲ့ သူတို့မိသားစုဝင်တွေရဲ့ တုံ့ပြန်ချက်ကို ထည့်သွင်းဖော်ပြနိုင်ဖို့ RFA အနေနဲ့ ကြိုးစားဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ ပြည်နယ် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမှားနေတယ်လို့သာ အကြောင်းပြန်ပါတယ်။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတော့ ဖမ်းဆီးခံရတဲ့ လွိုင်ကော်တက္ကသိုလ်ထဲက ဝန်ထမ်း ၂၇ ဦးကို ကယ်ထုတ်နိုင်ပေမယ့် ပါမောက္ခချူပ် အပါအဝင် ဆရာ၊ ဆရာမ သုံးဦးနဲ့ ကလေးသုံးဦးကို ကရင်နီတပ်ဖွဲ့တွေ ဖမ်းသွားတယ်လို့ စစ်ကောင်စီ မီဒီယာတွေကတစ်ဆင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ပြောထားပါတယ်။

အရပ်သားတွေရှိနေတဲ့ တက္ကသိုလ်ကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ ရိုင်းစိုင်းယုတ်မာတဲ့ လုပ်ရပ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။