မြန်မာနိုင်ငံမှာ London နဲ့ Lucky Strike စီးကရက် ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် ဆေးရွက်ကြီးကုမ္ပဏီ British American Tobacco (BAT) Myanmar ဟာ မြန်မာနိုင်ငံက လုပ်ငန်းတွေကို အပြီးပိတ်သိမ်းကြောင်း ဖောက်သည်တွေထံ စာပေးပို့အကြောင်းကြားခဲ့ပါတယ်။
RFA ကစုံစမ်းရရှိထားတဲ့ ဖောက်သည်တွေထံ အကြောင်းကြားစာထဲမှာ အောက်တိုဘာလ ၆ ရက်စပြီး BAT Myanmar ရဲ့ ကုန်ထုတ်လုပ်မှု၊ အရောင်းနဲ့ ဖြန့်ချီရေးလုပ်ငန်းတွေအားလုံး အလုံးစုံပိတ်သိမ်း ရပ်စဲတာဖြစ်လို့ ငွေစာရင်းရှင်းလင်းဖို့ ကျန်နေသူတွေအနေနဲ့ အောက်တိုဘာလ ၂၀ ရက်နောက်ဆုံး ကုမ္ပဏီနဲ့ ဆက်သွယ်ဖို့ ပါရှိပါတယ်။
BAT Myanmar ဟာ မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်မှာ ပြန်လည်ဝင်ရောက်လာပြီးနောက် စျေးကွက်ထဲမှာ အရောင်းရဆုံးဖြစ်တဲ့ London နဲ့ Lucky Strike စီးကရက်တွေကို အဓိကထုတ်လုပ်ပြီး ဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။
BAT Myanmar ရဲ့လုပ်ငန်းပိတ်သိမ်းကြောင်း အကြောင်းကြားစာထဲမှာ ဘာကြောင့်ဆိုတာ ဖော်ပြမထား ပေမယ့် အခုကုမ္ပဏီဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ ပိတ်သိမ်းထွက်ခွာသွားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေကလည်း နော်ဝေနိုင်ငံအခြေစိုက် Telenor ဆက်သွယ်ရေး ကုမ္ပဏီနဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး စားသောက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းဖြစ်တဲ့ ဂျာမနီနိုင်ငံအခြေစိုက် Metro ကုမ္ပဏီတို့ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။