တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ ဇွန်လ ၁၆ ရက်ကနေ ၁၉ ရက် မနေ့ကအထိ လေးရက်အတွင်း ဒေသခံ ၂၀ ကျော်တို့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာ ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လောင်းလုံးမြို့ပေါ်က နေအိမ်ပေါင်း ၅၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးရှာဖွေ ခဲ့ကြရာ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ငါးဦး အပါအဝင် ၂၂ ဦး အဖမ်းခံခဲ့ရတယ်လို့ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အဖမ်းခံရသူတွေက CDM ဝန်ထမ်းတွေ၊ NLD အစိုးရလက်ထက် အုပ်ချုပ်ရေးမှူး အဟောင်းပေါ့ တစ်ယောက်ပါတယ်။ အခြား သာမန်ပြည်သူတွေလည်းပါတယ်။ လောင်းလုံးသပိတ်မှာ ကူညီထောက်ပံ့ပေးဖူးသူတွေလည်း ပါတယ်ဗျ"
CDM လုပ်ထားသူတွေရဲ့အိမ်တွေကို ရှာဖွေရာမှာမတွေ့လို့ မိသားစုဝင်တွေကို ဖမ်းဆီးတာတွေ လည်းရှိတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုလိုဖမ်းဆီးရာမှာလည်း နာမည်စာရင်း အတိအကျနဲ့ အိမ်တွေအထိကို လိုက်လံဖမ်းဆီးတာလို့ ပြောပါတယ်။
လောင်းလုံးမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကစပြီး စစ်ကောင်စီတပ်တွေ အင်အားတိုးချထားရာ လက်ရှိ စုစုပေါင်း အင်အား ၂၀၀ အထိ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ဆန္ဒပြပွဲသပိတ်အင်အားစုတွေ အားကောင်းတဲ့ လောင်းလုံးမြို့ကို စစ်ကောင်စီတပ်တွေက ထိန်းချုပ်နိုင်ဖို့ လုပ်နေတာဖြစ်ပြီး ဆန္ဒပြပွဲတွေ၊ စစ်ကောင်စီကို ဆန့်ကျင်တာတွေ ငြိမ်သွားအောင် အခုလို ဖမ်းဆီးနေတာလို့ မြို့ခံတွေက ပြောပါတယ်။
ဇွန်လ ၁၉ ရက် မနေ့ညကလည်း လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာကို စစ်ကောင်စီတပ်က ရွာထဲဝင်ရောက်ကာ ရွာသား ရှစ်ယောက်ကို စစ်ဆေးရာမှာ သုံးယောက်ကို ပြန်လွှတ်ပေးလိုက်ပြီး ကျန်ငါးယောက်ကိုတော့ ဖမ်းထားတယ်လို့ ရွာသားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်အထိ တစ်ပြည်လုံးမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၁၀၉၆ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြထားပါတယ်။