အိမ်သုံးဂတ်စ်တွေ ပြတ်တောက်သွားလို့ အရောင်းဆိုင်တွေ ပိတ်ထားရ

RFA Burmese
2023.12.06
အိမ်သုံးဂတ်စ်တွေ ပြတ်တောက်သွားလို့ အရောင်းဆိုင်တွေ ပိတ်ထားရ အိမ်သုံးသဘာဝဓာတ်ငွေ့အသုံးပြုပြီးချက်ပြုတ်နေသည့် အိမ်ရှင်မတစ်ဦးအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့နဲ့ တခြားမြို့ကြီးတွေမှာ အိမ်သုံး၊ ဆိုင်သုံး ရေနံဓာတ်ငွေ့ရည် (LPG) ဂတ်စ်တွေ ပြတ်တောက်သွားတာကြောင့် အရောင်းဆိုင်တွေ ပိတ်ထားရတယ်လို့ ဂတ်စ်မီးဖိုနဲ့ ဂတ်စ်အိုးရောင်းဝယ်ရေးဆိုင်တွေက ပြောပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကစ အိမ်သုံးဂတ်စ်တွေ စျေးတက်လာရာက နိုဝင်ဘာ ၂၀ ရက်ကျော်မှာတော့ ပစ္စည်းတွေပါပြတ်သွားတာ ဒီနေ့အထိဖြစ်တယ်လို့ မြောက်ဒဂုံမြို့နယ် မှာရှိတဲ့ ဂတ်စ်မီးဖိုနဲ့ ဂတ်စ်အိုးရောင်းဝယ်ရေး ဆိုင်ရှင်တစ်ဦးက RFA ကိုပြောပါတယ်။

"စျေးတွေကတော့ ဒေါ်လာစျေးတက် တက်သွားတယ်၊ ဘတ်စျေးတက် တက်သွားတယ်။ စက်တင်ဘာလထဲမှာ စျေးအကျရှိခဲ့ပေမယ့် အောက်တိုဘာ၊ နိုဝင်ဘာ တောက်လျှောက် တက်လာတာ၊ နောက်ဆုံး နိုဝင်ဘာ ၂၀ ကျော်မှာ ကျွန်တော်တို့ဆိုင် အရောင်းပစ္စည်းပြတ်သွားလို့ အခုအချိန်အထိ ဆိုင်ပိတ်ထားရတယ်။ နိုဝင်ဘာလကုန် တုန်းက ဒီဇင်ဘာ ၂ ရက်နေ့ ဂတ်စ်တွေပြန်ရမယ်၊ ၅ ရက်နေ့ သင်္ဘောကပ်မှာမို့ ၆ ရက်နေ့ပြန်ရမယ်တဲ့။ အခုအချိန်အထိတော့ ပြန်မရသေးဘူး။ ဆိုင်အားပေးတဲ့ ဝယ်ယူသူတွေကိုလည်း အားနာလို့ နေ့တိုင်း အရောင်း Page ကနေ ရတဲ့သတင်းတွေ တင်ပေးနေရတယ်"

ရန်ကုန်မြို့၊ ယုဇနဥယျာဉ်မြို့တော်ကနေ မြို့ထဲကို အလုပ်သွားနေရတဲ့ အိမ်ရှင်မ တစ်ဦးကလည်း ဂတ်စ်တွေ ဝယ်မရလို့ အိမ်ထမင်း၊ အိမ်ဟင်းမစားရတာ တစ်ပတ်လောက်ရှိနေပြီလို့ ပြောပါတယ်။

"ချက်ချိန်၊ ပြုတ်ချိန်ဆို လျှပ်စစ်မီးက အမြဲပြတ်နေတော့ ဂတ်စ်အိုးနဲ့ပဲ ချက်ပြုတ် စားနေရတာလေ။ အခု မီးကလည်းမလာ၊ ဂတ်စ်ကလည်းဝယ်မရတော့ ကြုံတဲ့နေရမှာ ဝယ်စားနေရတယ်။ ဒီနေ့မနက်ပဲ ဝယ်နေကျ ဂတ်စ်ဆိုင်ကို ဖုန်းဆက်မေးကြည့် သေးတယ်။ နောက် နှစ်ရက်၊ သုံးရက်လောက်မှ ပြန်ရမယ်တဲ့"

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့က (LPG) ဂတ်စ်မီးဖိုနဲ့ ဂတ်စ်အိုးရောင်းဝယ်ရေး ဆိုင်ရှင်တစ်ဦးကလည်း ဆိုင်တွေမှာ ဂတ်စ်ပြတ်နေပေမယ့် လမ်းတွေပိတ်ထားတာကြောင့် ပြန်ရဖို့ လမ်းမမြင်သေးဘူးလို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ ဂတ်စ်ဘူးအသေးတွေ တစ်ဘူးကို ကိုးရာ၊ တစ်ထောင်ကနေ ၁၅၀၀ အထိပေးဝယ်ခဲ့ရပြီး ပိဿာနဲ့ ဝယ်တဲ့သူတွေကတော့ တစ်ပိဿာ ငါးထောင်ကျော်နဲ့ အရင်ဝယ်ခဲ့ရာကနေ အခုကိုးထောင်ကျော်အထိ ပေးဝယ်ခဲ့ရတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဘာကြောင့် အခုလိုပြတ်တောက်နေတာလဲဆိုတဲ့အပေါ် သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပုံမှန်ထက်ပိုပြတ်နေတဲ့အပြင် အိမ်သုံးဂတ်စ်၊ စက်သုံးဆီနဲ့ စားသုံးဆီပါ ပြတ်လပ်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။