မဘသ အဖွဲ့ ဖျက်သိမ်းဖို့ သံဃမဟာနာယကအဖွဲ့ ကြေညာ

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ အမည်ကို သုံးစွဲလုပ်ဆောင်တာတွေ မလုပ်ဖို့နဲ့ တစ်နိုင်ငံလုံး မှာရှိတဲ့ မဘသ ဆိုင်းဘုတ်တွေကို ဇူလိုင်လ ၁၅ ရက်နေ့မှာအပြီး ဖြုတ်သိမ်းဖို့ ဒီကနေ့ကျင်းပတဲ့ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ သတ္တအကြိမ ် ၄၇ ပါးစုံညီ ပဉ္စမအထူး အစည်းအဝေးကနေ အချက် ၄ ချက်ကို ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။

မဘသ အဖွဲ့အနေနဲ့ အဲဒီဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက် ပြီး ဘယ်လိုဆက်လုပ်သွားမယ်ဆိုတာကို ညှိနှိုင်းတိုင်ပင်သွားမှာဖြစ်ကြောင်း မဘသ အဖွဲ့ရဲ့ ဗဟိုဦးဆောင် ဆရာတော် ဦးသောပါက က မိန့်ကြားပါတယ်။

"ဆုံးဖြတ်ချက်ကို ရှင်းလင်းပြီးတော့ ဆွေးနွေးကြမယ်၊ ညှိနှိုင်းကြမယ်၊ ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတာကို ဦးဇင်းတို့ပြန်ထုတ်မယ်၊ ဆုံးဖြတ်ပြီးသွားရင်တော့ အားလုံးကို ချပြမှာပါ"

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် လာမယ့် ၂၇ ရက်နေ့မှာ ပြုလုပ်မယ့် မဘသ အစည်း အဝေးကို ကျင်းပမှာ မဟုတ်တော့ပေမယ့် အဲဒီနေ့မှာ တစ်နိုင်ငံလုံးက အဖွဲ့ဝင်တွေကို မဟနရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲပြုလုပ်သွားမယ်လို့လည်း မိန့်ကြားပါတယ်။

မဟန အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အချက်လေးချက်မှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ အစည်း အမည်ခံပုဂ္ဂိုလ်တွေအနေနဲ့ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မဘသအဖွဲ့အစည်း အမည်ကို မသုံးစွဲဖို့ ၊ မြန်မာတစ်နိုင်ငံလုံးမှာ စိုက်ထူထားတဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး မဘသ အဖွဲ့ဆိုင်းဘုတ်တွေကို ဇွန်လ ၁၅ ရက်နေ့အပြီး ဖြုတ်သိမ်းဖို့နဲ့ အဲဒီ အချက်နှစ်ချက်ကို မလိုက်နာတဲ့ ရဟန်းပုဂ္ဂိုလ်ဖြစ်ပါက သံဃာ့အဖွဲ့ အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ နဲ့ အရေးယူမှာဖြစ်ပြီး လူပုဂ္ဂိုလ်ဖြစ်မယ်ဆိုရင် သက်ဆိုင်ရာ တည်ဆဲဥပဒေနဲ့ အရေးယူရန်နဲ့ အထက်ပါဆုံးဖြတ်ချက်တွေအတိုင်း ပြည်ထဲရေးဝန်ကြီးဌာနက အမြန်ဆုံး ရေးယူဆောင်ရွက်ပေး ဖို့ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက် ၄ ချက်တွေကိုလည်း လိုက်နာဆောင်ရွက်မှာဖြစ်ကြောင်း မဘသ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တတိလောကာ ဘိဝံသနဲ့ ဒုတိယဥက္ကဌ ဘဒ္ဒန္တ သီလက္ခန္ဓာ ဘိဝံသတို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဟာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းအရ တရားဝင်ဖွဲ့စည်း ထားတဲ့ အဖွဲ့အစည်းမဟုတ်ကြောင်း ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ ၄၇ ပါးစုံညီ ဧကဒဿမညှိနှိုင်း အထူးအစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသဆရာတော်တွေရဲ့ သြဝါဒခံယူ ဖွဲ့စည်းထားတဲ့ ဓမ္မဝံသာနုရက္ခိတ အသင်းအဖွဲ့အစည်းကို ဖွဲ့စည်းပြီးဖြစ်ပါတယ်။