မဘသ ဖျက် မဖျက်ကိစ္စ အဖွဲ့ဝင်တွေရဲ့ သဘောအတိုင်းဟုဆို


2017.05.27
mabatha-press-conference-620.jpg မဘသ (ဗဟို)ရဲ့ အဖွဲ့ဝင်တွေကို အထူးအသိပေးရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာရှိတဲ့ အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်မှာ မေလ ၂၇ ရက်နေ့ ကျင်းပစဉ်
Photo: Aung Thain Kha/RFA

အမျိုး၊ ဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ မဘသ ကို ဖျက်သိမ်းရေး၊ မဖျက်သိမ်းရေးနဲ့ နာမည်ပြောင်းဖို့ ကိစ္စတွေဟာ အဖွဲ့ဝင်တွေရဲ့ သဘောအတိုင်းသာ ဖြစ်တယ်လို့ မဘသအဖွဲ့ ဒုဥက္ကဌ ဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာ ဘိဝံသ က မိန့်ကြားပါတယ်။

ဒီကနေ့ အမျိုး၊ ဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)က ပြုလုပ်တဲ့ အဖွဲ့ဝင်တွေကို အထူး အသိပေး ရှင်းလင်းပွဲ အခမ်းအနားမှာ ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာ ဘိဝံသ က အဲဒီလို မိန့်ကြားလိုက် တာ ဖြစ်ပါတယ်။

"ဒါဟာဖျက်သိမ်းတာ မဟုတ်ဘူးဆိုတာကို တပည့်တော်တို့အဖွဲ့ဝင်တွေက ပုဂ္ဂိုလ်တွေအားလုံး ရှင်းရှင်း လင်းလင်း သိဖို့လိုအပ်ပါတယ်၊ ဖျက်သိမ်းတယ်ဆိုတာ တပည့်တော်တို့ အဖွဲ့ဝင်များရဲ့ ဆန္ဒအတိုင်းပါ၊ မဖျက်သိမ်းဘူး၊ ဒီတိုင်းထားမယ်ဆိုရင်လည်း ကိုယ့်အဖွဲ့ဝင်များရဲ့ဆန္ဒပါ၊ မဖျက်သိမ်းဘူး နာမည် ပဲပြောင်းမယ် ဆိုရင်လည်း တပည့်တော်တို့ဆန္ဒပါ၊ မပြောင်းဘူးဆိုရင်လည်း တပည့်တော်တို့ဆန္ဒပါပဲ"

မဘသ အဖွဲ့ဆိုင်းဘုတ်တွေ ဖျက်သိမ်းဖို့နဲ့ အဲဒီနာမည်ခံပြီး လှုပ်ရှားမှုတွေ မလုပ်ဖို့အတွက် နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့က ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်ကြောင့် မေလ ၂၇ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့  မဘသ အဖွဲ့ ၄ နှစ်ပြည့် ညီလာခံကို မကျင်းပနိုင်တော့ဘဲ အထူးအသိပေးရှင်းလင်းပွဲဆိုပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ အခမ်းအနားကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး မဘသ အဖွဲ့ဝင် သံဃာတော် ၂ ထောင်ကျော်၊ သီလရှင်တွေနဲ့ လူအင်အား ၃ ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး မဘသ (ဗဟို)ရဲ့ အဖွဲ့ဝင်တွေကို အထူးအသိပေးရှင်းလင်းပွဲ အခမ်းအနားကို မေလ ၂၇ ရက်နေ့ကနေစပြီး မနက်ဖြန်အထိ ၂ ရက်တာ ကျင်းပသွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။