မတ္တရာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်ဦးသေ၊ လေးဦးဒဏ်ရာရ

RFA Burmese
2024.07.13
မတ္တရာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်ဦးသေ၊ လေးဦးဒဏ်ရာရ မတ္တရာမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဥ်။
Facebook/ Wetlet Informational Network

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က ဇူလိုင်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေကြောင့် ဒေသခံခြောက်ဦးသေဆုံးပြီး နောက်ထပ်လေးဦး ဒဏ်ရာရထားတယ်လို့ လေကြောင်းတိုက်ခိုက်မှုတွေကို စောင့်ကြည့်နေတဲ့ Wetlet information network အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဇူလိုင်လ ၁၃ ရက် ဒီနေ့ မနက် ၁ နာရီဝန်းကျင်မှာ မတ္တရာမြို့နယ် အရှေ့ခြမ်း သန်းကုန်းရွာနဲ့ ကျွန်းပင်ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျွန်းပင်ရွာက ဒေသခံ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ Wetlet Information Network အဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“တံတားဦးဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ နှစ်နေရာကိုပစ်တာ။ သန်းကုန်းနဲ့ ကျွန်းပင်ရွာဘက်ကို ပစ်တာ။ ပေါင်ငါးရာဗုံး ချတာ။ ကျွန်းပင်ဘက်ကိုကျတာမှာ ပြည်သူသုံးဦးသေပြီး နှစ်ဦးဒဏ်ရာရတယ်”

ဇူလိုင်လ ၁၂ ရက်နေ့ မနေ့က ညပိုင်းမှာလည်း ဇီးဖြူပင်ရွာနဲ့ တံငါ (တောင်) ရွာအနီးက အုတ်လုပ်ငန်းနေရာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် တစ်မိသားစုထဲက မိသားစုဝင်သုံးဦး သေဆုံးပြီး နောက်ထပ် ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ အသေးစိတ် အချက်အလက်ကို မသိရသေးဘဲ ဒီနေ့မှာမှာ ကယ်ဆယ်ရေးနဲ့ ဒဏ်ရရသူတွေကို ဆေးကုသပေးရေးအတွက် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

ဇွန်လ ၂၅ ရက်နေ့ကစတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” နောက်ဆက်တွဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

တိုက်ပွဲတွေကြောင့် မတ္တရာမြို့နယ်ထဲက ဒေသခံတစ်သောင်းခန့်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။