မတ္တရာက နောက်ထပ် စစ်ကောင်စီတပ်စခန်းနှစ်ခု MDY-PDF သိမ်း
2024.07.16
မန္တလေးတိုင်း မတ္တရာမြို့နယ်က စစ်ကောင်စီရဲ့ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းနဲ့ တောင်တံငါ တပ်စခန်းတွေကို အပြီးသတ်သိမ်းယူလိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဇူလိုင်လ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စခန်းသိမ်းစစ်ဆင်ရေးတွေမှာ နှစ်ဘက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။
"Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းကို ၁၄ ရက်နေ့က အပြီးသတ်ရရှိခဲ့တာ ဖြစ်ပါတယ်၊ တောင်တံငါတပ်စခန်းကတော့ ၁၆ ရက်နေ့ ဒီနေ့ ရရှိခဲ့တာပါ။ ဒီစစ်ဆင်ရေးတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ အများအပြားရှိပါတယ်၊ ကျွန်တော်တို့ အလောင်းသိမ်းဆည်း ရရှိမှုတွေလည်း ရှိပါတယ်၊ သုံ့ပန်းတွေလည်း ဖမ်းဆီးရမိတာတွေ ရှိပါတယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဘက်မှာလည်း ထိခိုက်မှုတချို့ရှိပါတယ်"
မတ္တရာမြို့နယ်က ကျောက်တံတား တပ်စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
မန္တလေး PDF က မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၂၈ ခုကို သိမ်းယူထားတယ်လို့လည်း ကိုအော်စမွန်က ပြောပါတယ်။
မတ္တရာစစ်ဆင်ရေးမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတွေကို ဖမ်းဆီးရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
မန္တလေးတိုင်းထဲက တိုက်ပွဲတွေအတွင်း သုံ့ပန်း ၁၅၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း ကိုအော်စမွန်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲဝင်တွေဟာ Alpha ဘိလပ်မြေစက်ရုံ စခန်းကနေ ဆုတ်ခွာထွက်ပြေးချိန်မှာ စက်ရုံအဆောက်အဦတွေကို မီးရှို့သွားခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီစခန်းတွေ သိမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ မဟာမိတ်တွေပါဝင်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးဟာ မန္တလေးတိုင်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး စတင်တိုက်ခိုက်နေပြီလို့ ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကစပြီး "၁၀၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအဖြစ် မြောက်ပိုင်းမဟာမိတ်တွေနဲ့ မဟာမိတ်အဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။