မကွေးတိုင်းမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရ
2024.10.28
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရွာပေါင်း ၁၅ ရွာက စစ်ဘေးဒုက္ခသည် ခြောက်ထောင်နီးပါးအတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ရွှေတန်းတစ်၊ ဆင်မင်း၊ ကွန်းရွာ ၊ ဒေါင်းစား၊ နှောကုန်း၊ ကင်မွန်းခါး၊ နတ်ကျွန်း၊ ဘုရားကုန်း၊ ဆိပ်ကမ်းသာယာ၊ မကျီးပင်ပု၊ ထန်းတောစု၊ ကျွန်းအို၊ မယ်တော်လှ၊ ဥယျာဉ်စု၊ အရှေ့မြင်းကျွန်း စတဲ့ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အတွက်ကြောင့် အဲဒီက ဒေသခံတွေ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတာပါ။
အခုအချိန်ဟာ ဆောင်းရာသီအကူးအပြောင်းကာလဖြစ်တဲ့အတွက် ဖျားနာတဲ့သူတွေရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကိုကူညီနေတဲ့ ပခုက္ကူလူထုတိုက်ပွဲကော်မတီ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ရာသီဥတုအကူးပြောင်းဖြစ်တဲ့အတွက် လတ်တလော ကျန်းမာရေးကတော့ သိပ်ပြီး နေမကောင်းတဲ့ သူတွေ များနေပါတယ်။ သက်ကြီးရွယ်အိုတွေကလေးတွေရောပါတာကြောင့်ပေါ့။ စစ်ကြောင်းရက်ရှည် ထိုးလာတဲ့အတွက် ဆန်၊ ကြက်သွန်၊ ပဲလိုမျိုး ရိက္ခာပြီးတော့ မိုးကာပေါ့ အဓိကလိုနေပါတယ် ”
အခု စစ်ဘေးဒုက္ခသည်စခန်း ခြောက်ခုအထိ ရှိလာနေပြီလို့ဆိုပါတယ်။ စစ်ကြောင်းထိုးတဲ့အချိန်မှာ အရပ်သားတွေကို မိုင်းရှင်းဖို့နဲ့ ရိက္ခာသယ်ဆောင်ခိုင်းတာတွေရှိပြီး လေးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပခုက္ကူလိုပဲ ရေစကြိုမြို့နယ်မှာလည်း ဒေသခံတွေ ထွက်ပြေးရှောင်တိမ်းနေရတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ကိုင်းရွာနားက ပြည်သူ့ကာကွယ်ရေးတပ် (PDF) စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ ကိုယ်ဝန်ဆောင်တစ်ဦးတို့ သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။
ဒီလိုပြောဆိုတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက ချောက်မြို့နယ်မှာလည်း စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ တစ်သောင်းလောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသလို ထီးလင်းမြို့နယ်မှာလည်း အောက်တိုဘာလ ၂၆ ရက်နေ့က အရပ်သားငါးယောက်ကို မီးရှို့သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။