မိတ္ထီလာ အဓိကရုဏ်း သံဃာတစ်ပါး ပျံလွန်၊ လူတစ်ဦး သေဆုံး
2013.03.20

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှာ ဗုဒ္ဒဟူးနေ့ မနေ့မနက်ပိုင်းက ရွှေဆိုင်တစ်ခုမှာ အရောင်းအဝယ် စကားများကြရာက စတင်ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးနဲ့ မြို့ခံတစ်ဦး သေဆုံးခဲ့ပြီး မိတ္ထီလာဆေးရုံကြီးမှာ ဒဏ်ရာရသူ ၂၀ ကျော် ဆေးကုသမှုခံယူနေရတယ်လို့ RFA ကစုံစမ်း သိရပါတယ်။
မိတ္ထီလာမြို့နယ် ပြွန်ကောက်ရွာက ဦးခင်မောင်ဝင်းနဲ့ဇနီး ဒေါ်အေးနိုင်တို့ က ရွှေဆံညှပ်တစ်ခုကို နယူးဝိန့်စိန်ရွှေဆိုင်မှာ သွားရောက်ရောင်းချရာကနေ အချင်းများကြပြီး ရွှေဆိုင်ပိုင်ရှင်နဲ့ အလုပ်သမားတစ်ဦးက ဦးခင်မောင်ဝင်းကို ထိုးကြိတ်ရိုက်နှက်ရာကနေ ဒဏ်ရာရလို့ဆေးရုံပို့လိုက်ရပြီးတဲ့နောက် အဓိကရုဏ်းစတင်ခဲ့တာဖြစ်ပါတယ်။
အဓိကရုဏ်းဖြစ်ပွားစဉ်အတွင်း မိတ္ထီလာမြို့မဈေးက ဆိုင်ခန်းတချို့အပြင် ဗလီကျောင်းတစ်ခု ဖျက်ဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။
မိတ္ထီလာမြို့မှာ မနေ့ညပိုင်းကစပြီး ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်းနဲ့ သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ် ယာဉ်မောင်းသမား ကိုသန်းမြင့်နိုင်ဆိုသူဖြစ်ကြောင်း အမှတ် ၂ ရဲစခန်း တာဝန်ကျအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
"သန်းမြင့်နိုင် ၂၆ နှစ်ပေ့ါ၊ ကားသမားပေ့ါ ဆုံးလဲဆုံးသွားပါတယ်ခင်ဗျ၊ ကွပ်ကဲမှုကတော့ တိုင်းအဆင့်ကွပ်ကဲမှု လူကြီးတွေလဲရောက်ပါတယ်၊ အခုလက်ရှိကတော့ မြို့ပေါ်မှာလည်း နယ်မြေခံရဲတွေနဲ့ ရဲတပ်ရင်းနှစ်ခုလောက်နဲ့ လုံခြုံရေးကို တာဝန်ယူနေပါတယ်ခင်ဗျ၊ ပုဒ်မ ၁၄၄ ကိုလည်း ထုတ်ပြန်ထားပါတယ်"
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေကို ဖြေရှင်းဖို့အတွက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် ခေါင်းဆောင်တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ မိတ္ထီလာမြို့ကို မနေ့ညနေက ရောက်ရှိလာပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ ရှေ့တန်းစခန်းဖွင့်လှစ်ထားတယ်လို့ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက RFA ကိုအတည်ပြုပြောကြားပါတယ်။
အဓိကရုဏ်းဖြစ်ပွါးစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိရောက်စွာနှိမ်နှင်းခြင်းမရှိခဲ့ဖူးလို့ မြို့ခံတချို့က အပြစ်တင်ပြောဆိုတာတွေလည်းရှိပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားသူ မြို့ခံ ဒေါ်မြင့်မြင့်အေးကတော့ အခြေအနေကို ခုလိုပြောပါတယ်။
"၁၁ လောက်ကတည်းက ဖြစ်နေတာ၊ ညနေ ၅ နာရီ ၆ နာရီလောက်မှာ တအားဝင်ရိုက်တာ၊ အဲ့ဒါရဲက အဲ့ကြားထဲမှာ ပြေလည်အောင် ဖြေရှင်းသင့်တာပေါ့လေ၊ အဲ့ဒါကို အဲ့လိုမဖြစ်ပဲနဲ့ သံဃာတစ်ပါး အဲ့လိုထပ်ဖြစ်လိုက်တော့ နာရီစင်ရဲ့ အနောက်ဘက်မှာရှိတဲ့ ရဲစခန်းနားမှာရှိတဲ့ ဗလီက ပထမအရင် ညနေပထမဦးဆုံးပေ့ါ၊ ပညာရေးမှူးရုံးကတော့ မီးထဲပါသွားတယ်"
ဒီအတွင်း ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တွေဟာ ကိုမင်းကိုနိုင် ဦးဆောင်ပြီး မနေ့ညက မိထ္ထီလာမြို့ကို အခြေအနေတွေ ကူညီထိန်းသိမ်းဖို့ ထွက်ခွာသွားပါတယ်။
ကိုမင်းကိုနိုင်က ရာဇဝတ်မှုတစ်ခုကို လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း အသွင်ပြောင်းမယ့် ပယောဂတွေ တိုင်းပြည်မှာရှိနေတာကို သတိထားကြဖို့ ရန်ကုန်မြို့က မထွက်ခွာခင်မှာ ပြောဆိုသတိပေးလိုက်ပါတယ်။
အခင်းဖြစ်ရာကို မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်က ဆရာတော် အရှင်ဝီရသူ နဲ့ မိတ္ထီလာမြို့နယ် NLD ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်တို့လည်း အခုရောက်ရှိနေပြီး တရားဥပဒေစိုးမိုးရေးအတွက် ကူညီဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
နောက်ဆုံးရသတင်းအရ ဒီကနေ့ ကြာသပတေးနေ့ မနက် ၆ နာရီခွဲအချိန်ခန့်မှာ မိတ္တီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်က အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတစ်ကျောင်း မီးလောင်ကျွမ်းနေတယ်လို့ မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးက RFA ကိုပြောပါတယ်။
မီးသတ်ကားတွေမှာ လုံခြုံရေးအစောင့်အရှောက် လိုက်ပါခြင်းမရှိတဲ့အတွက် မီးလောင်ကျွမ်းနေတဲ့နေရာကို ဝင်ရောက်ငြိမ်းသတ်ဖို့ အခက်အခဲတွေ့နေရတယ်လို့လည်း သိရပါတယ်။
မိတ္ထီလာမြို့က အဓိကရုဏ်းနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြပါလိမ့်မယ်။
မိတ္ထီလာမြို့မှာ မနေ့ကဖြစ်ခဲ့တဲ့ အဓိကရုဏ်းနဲ့ပတ်သက်လို့ အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် ဝိုင်းဝန်းကာကွယ်ကြဖို့ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်က ဆရာတော် အရှင်ဝီရသူက မေတ္တာရပ်ခံလိုက်ပါတယ်။ ဆရာတော်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။