မလေးရှားအနေနဲ့ မြန်မာနိုင်ငံရဲ့တုံ့ဆိုင်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အဆုံးသတ်ရေးကို အလိုရှိပြီး၊ အာဆီယံနိုင်ငံတွေနဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီရဲ့အတိုက်အခံတွေကြား တိုက်ရိုက်ထိတွေ့ဖို့၊ တခြားနိုင်ငံတွေကိုလည်း ပါဝင်စေဖို့၊ ကမကထပြု ဆောင်ရွက်နေကြောင်း၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောဆိုကြောင်း မနေ့က ထုတ်တဲ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့ပြင် အကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အာဆီယံရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ် ရာထူးသက်တမ်းကိုလည်း တစ်နှစ်ကျော်ထားရှိမှ ပိုမိုထိရောက်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။
သူတစ်ပါး ပြည်တွင်းရေးဝင်မစွက်ရေး မူဝါဒ ချမှတ်ထားတဲ့ အာဆီယံနိုင်ငံတွေဟာ မြန်မာစစ်ကောင်စီအနေနဲ့ ဘက်ပေါင်းစုံ၊ အဖွဲ့ပေါင်းစုံက ပါဝင်သင့်သူတွေနဲ့ ဆွေးနွေးရေး၊ လူသားချင်းစာနာကူညီရေး၊ ပဋိပက္ခတွေ ပြေငြိမ်းရေးတွေပါဝင်တဲ့ အစီအစဉ် တရပ်ကို အကောင်အထည်မဖော်နိုင်ဘဲ ရှိနေတဲ့အပေါ်သည်းမခံနိုင်ဘဲ ဖြစ်လာနေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေကို စိတ်ဓာတ်ရေးရာဆိုင်ရာ ထောက်ခံအားပေးကြဖို့ အရေးကြီးကြောင်း၊ အခုအချိန်မှာတော့ စစ်ကောင်စီကိုသာ တစ်ဖက်သတ် အသိအမှတ်ပြုသလိုဖြစ်နေကြောင်း၊ သူ့ရဲ့ထိုင်းနိုင်ငံခရီးစဉ်အတွင်း ပြောဆိုခဲ့ပါတယ်။
မြန်မာစစ်ကောင်စီကတော့ အာဆီယံအနေနဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ မထိတွေ့ မဆက်သွယ်ဖို့ ထပ်ခါတလဲ တိုက်တွန်းနေပါတယ်။