စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ရှုတ်ချဖို့ အာဆီယံကို မလေးရှား တိုက်တွန်း

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေဆက်လုပ်နေတဲ့ မြန်မာစစ်တပ်ကို ပိုပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို မလေးရှားက တိုက်တွန်းကြောင်း ဇူလိုင်လ ၁၂ ရက်နေ့က မလေးရှား ဘာနားမားသတင်းဌာနက ဖော်ပြပါတယ်။

အာဆီယံရဲ့ ကြေညာချက်ထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ပြောတာအပြင်၊ မြန်မာစစ်ခေါင်းဆောင်ရဲ့ လုပ်ရပ်အားလုံးကို ပြစ်တင်ရှုတ်ချဖို့ လိုအပ်ကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများညီလာခံကို တက်ရောက်ခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဇမ်ဘရီ အဗ္ဗဒူ ကာဒီရာက ဇူလိုင်လ ၁၂ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံ အခြေအနေနဲ့ စစ်ဘေးဒုက္ခသည် ပြဿနာတွေ ဆိုးသထက်ဆိုးလာနေတယ်လို့ သူက ပြောပါတယ်။

နှစ်ရက်ကြာကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်ရဖို့ အာဆီယံနိုင်ငံတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေအကြောင်း ဆွေးနွေးခဲ့ကြပြီး၊ မြန်မာ့အရေးအတွက် ထိတွေ့ဆက်ဆံမှုတွေဟာ နှစ်နိုင်ငံချင်းလုပ်တာ မဖြစ်သင့်ဘဲ အာဆီယံအနေနဲ့သာ လုပ်သင့်ကြောင်း၊ ဆောင်ရွက်ချက်အားလုံးဟာ ဘုံသဘောတူညီချက် ငါးရပ်အပေါ်မှာပဲ အခြေခံသင့်တဲ့အကြောင်း သဘောတူခဲ့ကြတယ် လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။