မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်က လျှပ်စစ်ရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ်မီးရှို့ပြီး ဆန္ဒပြခဲ့တဲ့ ဦးအောင်အောင် ဒီနေ့ပဲ သေဆုံးသွားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို အတည်ပြုချက်ပေးပါတယ်။
ဦးအောင်အောင်ဟာ ဖေဖော်ဝါရီ (၁) ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်က မြင်းခြံ-ကျောက်ပန်းတောင်းလမ်းမပေါ်မှာ ရှိတဲ့ လျှပ်စစ်ရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး ဆန္ဒပြခဲ့သူပါ။
ပြည်သူပြည်သားတွေကို မီးမှန်မှန်ရစေချင်တယ်၊ ၂၀၀၁ -၂၀၀၂ ခုနှစ်တွေကို ပြန်မသွားချင်ဘူးလို့ ရေးထားတဲ့ စာကိုကိုင်ပြီး ဆန္ဒပြရင်း ခန္ဓာကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့တာလို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အိမ်က ထွက်လာကတည်းက သူ့ခန္ဓာကိုယ်ကို ဓာတ်ဆီလောင်းထားတာ၊ EPC ရုံးရှေ့လည်း ရောက်ရော မီးခြစ်ခြစ်လိုက်တာပဲ။ ကျနော်တို့ တွေ့တွေ့ချင်းပဲ ရေတွေ၊ သဲတွေနဲ့ ပက်တာပဲ။ ဖြစ်တဲ့အချိန်က သုံးမိနစ်လောက်ပဲကြာပေမယ့် ခြေထောက်က အရေပြားတွေ အလွှာလိုက် ကွာကျသွားတယ်ဗျာ"
အသက် ၄၀ အရွယ်ခန့် ဦးအောင်အောင်ဟာ ကလေးနှစ်ယောက် ဖခင်ဖြစ်ပြီး သံပန်း၊ သံတံခါး လုပ်ကိုင်သူဖြစ်ပြီး စစ်ကောင်စီအုပ်ချုပ်တဲ့ ဒီကာလထဲမှာ လျှပ်စစ်မီး မှန်မှန်မရလို့ အလုပ်မရှိ စားဝတ်နေရေး ကျပ်တည်းနေတာလို့လည်း သူက ဆက်ပြောပါတယ်။
မီးလောင်ဒဏ်ရာနဲ့ ဦးအောင်အောင်ကို အရေးပေါ်လူနာတင်ယာဉ်နဲ့ ညောင်ဦးဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။