မန္တလေးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း သုံးဦးသေဆုံး

RFA Burmese
2024.08.28
မန္တလေးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း သုံးဦးသေဆုံး ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် တောင်သာမြို့နယ်ရှိ အဆောက်အအုံအား တွေ့ရစဥ်။
Ludu Nway Oo

မန္တလေးတိုင်း နွားထိုးကြီး၊ ငါန်းဇွန်နဲ့ တောင်သာမြို့နယ်တွေကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နှစ်ရက်အတွင်း ဒေသခံ သုံးဦးသေပြီး ခြောက်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သြဂုတ်လ ၂၆ ရက် ညမှာ တောင်သာမြို့နယ်၊ ကျွဲတလင်းကျေးရွာကို လေကြောင်းကနေ ဗုံးငါးလုံး ကြဲချခဲ့ရာမှာ ဒေသခံတစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရတဲ့အပြင် စာသင်ကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးသွားပါတယ်။

အလားတူ သြဂုတ် ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အသက် သုံးဆယ်ကျော်အရွယ် ဒေသခံနှစ်ဦး သေဆုံးသွားပြီး အဲဒီနေ့မှာပဲ နွားထိုးကြီးမြို့နယ် လက်ဝဲကျေးရွာကို လေကြောင်းတိုက်ခိုက်လို့ အသက်မပြည့်သေးတဲ့ ငါးနှစ်အရွယ် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငါန်းဇွန်မြို့ခံ တစ်ဦးတော့ လတ်တလော တိုက်ပွဲဖြစ်နေတာမရှိဘဲ စစ်ကောင်စီဘက်က အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာလို့ RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတာမျိုး မရှိဘူးဗျ။ ငြိမ်နေတာ ရက်ပိုင်းလောက် ရှိနေပြီ။ သြဂုတ် ၁၉ ရက်ကတော့ ငါန်းမြာကြီးရွာ ရဲစခန်းကို တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီနောက်ပိုင်းကို လေကြောင်းကနေ ဗုံးကြဲတာ စိပ်လာတာပေါ့”

စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်လို့ သေဆုံးထိခိုက်သွားတဲ့ ဒေသခံတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

RFA ရဲ့စာရင်းတွေအရ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ၆၆၂ ဦး သေဆုံးပြီး ၁,၄၉၂ ဦး ထိခိုက်ဒဏ်ရာရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။