မန္တလေးမှာ တရုတ်နိုင်ငံသားတွေပါဝင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ဖမ်းဆီးခံရ

RFA Burmese
2024.08.19
မန္တလေးမှာ တရုတ်နိုင်ငံသားတွေပါဝင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ဖမ်းဆီးခံရ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင် ဖမ်းဆီးထားသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် ပါဝင်သူများကို တွေ့ရစဥ်။
Myanmar Military

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်က နေအိမ်တစ်အိမ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား လေးဦးနဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို သြဂုတ်လ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ အသုံးပြုတဲ့ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေလည်း ဖမ်းဆီးရမိတယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးခံရသူ တရုတ်နိုင်ငံသားတွေကတော့ အသက် ၂၈ နှစ်အရွယ် Yanlong အပါအဝင် အမျိုးသား သုံးဦးနဲ့ အမျိုးသမီး တစ်ဦးတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေထဲမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် ကိုရဲမြင့်အပါအဝင် အမျိုးသား ဆယ်ဦး၊ အမျိုးသမီး ခြောက်ဦးနဲ့ နေအိမ်ပိုင်ရှင် အမျိုးသမီး တစ်ဦးတို့ ပါဝင်ပါတယ်။

သူတို့ကို ချမ်းအေးသာစံမြို့နယ် အမှတ် (၃) နယ်မြေရဲစခန်းကနေ အီလက်ထရောနစ် ဆက်သွယ်ရေးပုဒ်မ ၃၃ (က)/ ၃၈ နဲ့ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

သြဂုတ်လ ၂ ရက်နေ့ကလည်း ရန်ကုန်မြို့ အွန်လိုင်းငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသား နှစ်ဦးအပါအဝင် လူခြောက်ဦးကို စစ်ကောင်စီ၊ တာမွေမြို့နယ် တရားရုံးက နှစ်ရှည်ထောင်ချခဲ့ပြီး နောက်ထပ်လူ ၆၃ ဦးကို ထောင်သုံးနှစ်စီ ချမှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အွန်လိုင်း ငွေလိမ်လုပ်ငန်းနဲ့ပတ်သက်လို့ တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပြန်လွှဲပေးခဲ့တယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။