လေကြောင်းတိုက်ခိုက်မှုကြောင့် စဥ့်ကူးမြို့နယ်က အရပ်သား ၁၃ ဦးသေဆုံး

RFA Burmese
2024.08.04
လေကြောင်းတိုက်ခိုက်မှုကြောင့် စဥ့်ကူးမြို့နယ်က အရပ်သား ၁၃ ဦးသေဆုံး မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကံတောင်ကျေးရွာ လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: MDY-PDF

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ကို ဩဂုတ်လ ၄ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) က သတင်းထုတ်ပြန်ပါတယ်။

စဥ့်ကူးမြို့နယ်က ရွာနှစ်ရွာကို လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရတာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။

"စဥ့်ကူးမြို့နယ်အတွင်း ကံတောင်ကျေးရွာနဲ့ နွယ်ရုံကျေးရွာကို ဗုံးကြဲတဲ့ဖြစ်စဉ်တွေမှာ အပြစ်မဲ့ ပြည်သူ ၁၃ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်ကောင်စီဘက်က အကြောင်းမဲ့ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာဖြစ်ပါတယ်"

စဥ့်ကူးမြို့နယ်က ကံတောင်ကျေးရွာကို နေ့လယ် ၁ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ အလားတူ စဥ့်ကူးမြို့နယ်၊ နွယ်ရုံရွာကိုလည်း‌ နေ့လယ် ၃ နာရီခွဲ ဝန်းကျင်မှာ ‌လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၁၀ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တာဆို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

မသုံးဖို့ ပိတ်ပင်ထားတဲ့ အတွဲလိုက်ပစ်ဗုံး (Cluster Bombs) တွေကို သုံးပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာလို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

အရပ်သားတွေ ထိခိုက်သေဆုံးကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က စဥ့်ကူးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဇူလိုင် ၂ဝ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။