မန္တလေးမှာ တစ်လအတွင်း လူငယ်လေးရာနီးပါး ဖမ်းဆီးခံရ

RFA Burmese
2025.01.03
မန္တလေးမှာ တစ်လအတွင်း လူငယ်လေးရာနီးပါး ဖမ်းဆီးခံရ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၄ လမ်းနဲ့ ၂၆ လမ်းတစ်နေရာကို ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့က တွေ့ရစဥ်။
RFA

မန္တလေးမြို့မှာ စစ်မှုထမ်းဥပဒေကြောင့် ဒီဇင်ဘာလအတွင်း လူငယ် လေးရာနီးပါး ဖမ်းဆီးခံထားရတယ်လို့ မန္တလေးသပိတ်အင်အားစုက ဇန်နဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးနေရာအစုံမှာ လူငယ်တွေကို စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးနေတယ်လို့ မန္တလေးသပိတ်အင်အားစု တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"အများဆုံးကတော့ ပြည်ကြီးတံခွန်မြို့နယ်လို့ ပြောလို့ရပါတယ်။ မန္တလေးနေရာအစုံပဲပေါ့။ အချိန်အားဖြင့်ဆိုရင် ညနေ(၅)နာရီနောက်ပိုင်းဆို လမ်းပေါ်အဖမ်းခံရတဲ့ ဖြစ်စဉ်တွေလည်း တွေ့ရပါတယ်။ လူငယ်တွေကို အဓမ္မစစ်မှုထမ်းဖမ်းဆီးမခံရအောင်တော့ ထုတ်ပြန်ချက်မှာပါတဲ့ အချက်တွေကိုပဲ အကြံပေးလို့ရပါမယ်။ အိမ်ထဲမှာနေရင်ကိုပဲ လုံခြုံမှုမရှိတဲ့အခြေအနေဆိုတော့ အများကြီး ဂရုစိုက်ရပါမယ်။ လူငယ်တွေထက် နိုင်ငံရေးဦးဆောင်နေတဲ့ ခေါင်းဆောင်တွေမှာ ပိုတာဝန်ရှိပါတယ်။ လူငယ်တွေအတွက် ဒီအခြေအနေကနေ ထွက်ပေါက်တစ်ခုရအောင် ဖန်တီးပေးဖို့ လိုပါတယ်"

စုစုပေါင်း မြို့နယ် ခုနစ်မြို့နယ်က လူငယ်လေးရာနီးပါး (၃၉၁ဦး) ထက်မနည်း မတရားဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အောင်မြေသာဇံမြို့နယ်က ၆၄ ဦး ၊ ချမ်းအေးသာဇံမြို့နယ်က ၂၅ ဦး ၊ မဟာအောင်မြေမြို့နယ်က ၃၈ ဦး၊ ချမ်းမြသာစည်မြို့နယ်က ၅၂ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်က ၈၂ ဦး ၊ ပုသိမ်ကြီးမြို့နယ်က ၇၇ ဦး ၊ အမရပူရမြို့နယ်က ၅၃ ဦး တို့ဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ သတင်းမီဒီယာတွေရဲ့ သတင်းတွေအပေါ်မှာ အခြေခံပြီး စာရင်းပြုစုထားတာဖြစ်တဲ့အတွက် လက်တွေ့မှာ ဒီထက်မက များနိုင်တယ်လို့လည်း ရေးသားထားပါတယ်။ ဒီအထဲမှာ မဟာအောင်မြေမြို့နယ်က ရပ်ကွက်တစ်ခုတည်းမှာပဲ စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ချိန်ကစပြီး ဒီနေ့အထိ လူငယ်တစ်ရာကျော် ဖမ်းဆီးခံထားရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက ဧည့်စာရင်းဥပဒေကို အကြောင်းပြဖမ်းဆီးတာ၊ လမ်းတွေမှာ တွေ့ရာလူငယ်တွေကို ဖမ်းဆီးနေပြီး ဗြောင်ကျကျ လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့လည်း ဝေဖန်ထားပါတယ်။

လူငယ်တွေအနေနဲ့ အချိန်မတော်အပြင်မသွားဖို့၊ မလိုအပ်ဘဲ ခရီးမသွားဖို့၊ ပျော်ပွဲရွှင်ပွဲတွေကို တတ်နိုင်သမျှရှောင်ကြဉ်ကြဖို့ မန္တလေးသပိတ်အင်အားစုက သတိပေးထားပါတယ်။

ဒါ့အပြင် မိသားစုနဲ့ ခြိမ်းခြောက်အကျပ်ကိုင်ခံရပြီး မလွှဲမရှောင်သာ အခြေအနေတွေနဲ့ ကြုံရလို့ တပ်သားသစ် စုဆောင်းခံရမယ်ဆိုရင် လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားကြဖို့၊ မိမိပတ်ဝန်းကျင်မှာ မတရားဖမ်းဆီးခံရတာတွေရှိရင် တော်လှန်ရေးအင်အားစုတွေထံကို သတင်းပေးပို့ဖို့လည်း တိုက်တွန်းထားပါတယ်။

အလုပ်ရှင်တွေအနေနဲ့လည်း အလုပ်သမားတွေရဲ့အလုပ်ချိန်ကို အလုပ်သမားတွေနဲ့ ညှိနှိုင်းပြီး အနည်းငယ်လျော့ချပေးဖို့လည်း မန္တလေးသပိတ်အင်အားစုက တောင်းဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့အနေနဲ့လည်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေအကြောင်းပြပြီး လူငယ်တွေကို မတရားဖမ်းဆီးတာတွေကို အရေးကြီးတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်အဖြစ် သတ်မှတ်ပြီး အဆောတလျင် ဖြေရှင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန စာရင်းတွေအရ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် ဖမ်းဆီးခံရသူ သုံးသောင်းနီးပါး (၂၂,၈၆၅) ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။