မဏိပူရ်ထောင်က မြန်မာအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြမှု ပြန်စတင်
2024.08.26
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်က မြန်မာအကျဉ်းသားတွေဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဩဂုတ် ၂၆ ရက် ဒီနေ့ကစပြီး အစာငတ်ခံ ဆန္ဒပြတောင်းဆိုတာကို ပြန်စတင်လိုက်တယ်လို့ အကျဉ်းသားတွေအရေး ကူညီဆောင်ရွက်ပေးနေသူတွေက RFA ကို ပြောပါတယ်။
အခုတစ်ကြိမ် အစာငတ်ခံဆန္ဒပြမှုမှာ အမျိုးသား ၅၂ ဦးပါဝင်ပြီး မြန်မာစစ်ဘေးဒုက္ခသည်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ အင်ဖာအကျဉ်းထောင်က မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ၁၃ ရက်ကြာ အစာအငတ်ခံဆန္ဒပြခဲ့ကြပြီး ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရကို ပြန်တင်ပြပေးမယ်လို့ ညှိနှိုင်းမှုကြောင့် ဆန္ဒပြတာကို ရပ်ဆိုင်းခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့အချိန်အထိ ဘာမှထူးခြားမှုမရှိလာတာကြောင့် အစာအငတ်ခံဆန္ဒတာကို ဒီနေ့မှာ ပြန်လည်စတင်တာဖြစ်တယ်လို့ အကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
အိန္ဒိယအစိုးရ အာဏာပိုင်တွေအနေနဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို အခုလို ဖမ်းဆီးထိန်းသိမ်းထားတာဟာ လုံးဝလက်မခံနိုင်စရာဖြစ်တယ်လို့ အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ India for Myanmar တာဝန်ခံ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။
“လူတွေကို ရက်ရက်စက်စက်နဲ့ ထောင်ချပြီးတော့မှ မွေးကင်းစကလေးတွေကစ သက်ကြီးရွယ်အိုတွေအထိ ပြင်းထန်တဲ့ ထောင်စည်းကမ်းတွေနဲ့ ထိန်းသိမ်းတာတို့၊ သူတို့လုပ်ရပ်ကို မသိနိုင်ဘဲနဲ့ စစ်ဘေးဒုက္ခသည်တွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခမျိုးစုံပေးတာကတော့ ကျွန်တော့်အနေနဲ့ လုံး၀လက်မခံပါဘူး"
စစ်ဘေးဒုက္ခသည်တွေကို အခုလို ဖမ်းဆီးမဲ့အစား စဝင်လာကတည်းက အကုန်လုံးကို လက်မခံသင့်ဘူးလို့ သူက ပြောပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့ကလည်း အင်ဖာထောင်က မြန်မာစစ်ဘေးဒုက္ခသည် အမျိုးသမီးတချို့ဟာ လေးရက်ကြာ အစာအငတ်ခံဆန္ဒပြပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ အကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
မဏိပူရ်ပြည်နယ် အာဏာပိုင်တွေက အင်ဖာအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာအမျိုးသမီး ၃၈ ဦးကို ဇွန်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီထံ ပြန်ပို့ခဲ့သလို မေလ ၂ ရက်နေ့ကလည်း နောက်ထပ် ၃၈ ဦးကို ပြန်လွှဲပေးခဲ့ပါတယ်။
လက်ရှိ အင်ဖာထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၁၅၉ ဦး ရှိနေပါတယ်။