လက်ထပ်ထိမ်းမြားနိုင်တဲ့ အသက် ကန့်သတ်ချက်ကို ပြင်ဆင်

အသက် ၁၈ နှစ်ပြည့်ပြီးသူကိုသာ လက်ထပ်ထိမ်းမြားတဲ့စာချုပ် ချုပ်ဆိုနိုင်ခွင့်ပြုဖို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဒီကနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ဒီကနေ့ ပြန်လည်ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကာကွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းလိုက်တာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်မှာ ပြည်သူ့လွှတ်တော်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကာကွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ အသက် ၁၈ နှစ် မပြည့်လည်း ဓလေ့ထုံးစံအရ လက်ထပ်ခွင့်ပြုသင့်တယ်လို့ အတည်ပြုထားတာပါ။
အဲဒီလိုခွင့်ပြုတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီကနေ့ အမျိုးသားလွှတ်တော်က အဲဒီအချက်ကို ပြင်ဆင်လိုက်တာပါ။
အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ မကြာခင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။