အာဏာသိမ်းကာလ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် လူ ၁၂၀၀ ကျော် သေဆုံး

RFA Burmese
2024.08.18
အာဏာသိမ်းကာလ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် လူ ၁၂၀၀ ကျော် သေဆုံး စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မတောရွာတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့က မင်္ဂလာဆောင်ပွဲကျင်းပနေချိန် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည်များကို တွေ့ရစဉ်။
Student's Revolutionary Force

အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း တစ်ကြိမ်မှာ ၁၀ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်ရပ် ၅၇ ကြိမ်ရှိခဲ့ပြီး လူပေါင်း ၁၂၂၄ ဦး သေဆုံးခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) က ဩဂုတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါဟာ စစ်တပ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့အထိ သုတေသနပြုထားတဲ့ စာရင်းတွေဖြစ်ပြီး မြန်မာနိုင်ငံပဋိပက္ခအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွေက တားမနိုင်ဆီးမရ ဆက်ဖြစ်နေဆဲပဲလို့ ISP-Myanmar က ပြောပါတယ်။

အခု ၂၀၂၄ ခုနှစ်ရဲ့ ခြောက်လတာအတွင်းမှာတော့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ အရပ်သားဦးရေ ၃၅၉ ဦးထက်မနည်း ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ရခိုင်၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ ဖြစ်ခဲ့တာဖြစ်ပြီး အများစုဖြစ်ရပ်တွေက စစ်ကောင်စီက မသင်္ကာမှုနဲ့ ရွာထဲက အရပ်သားတွေကို အစုလိုက် ဖမ်းဆီးစစ်ဆေးရာကတစ်ဆင့် အစုလိုက်သတ်ဖြတ်တာ၊ လေကြောင်းကဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်လို့ သေဆုံးတာတွေပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေအရ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ISP-Myanmar က ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။ စစ်ကောင်စီကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးမရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၁၆ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၅၅၁၅ ဦး သေဆုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။