မတူပီက ကုန်ကားတွေကို စစ်ကောင်စီတပ် လမ်းရှင်းဖို့ အသုံးချနေ

2021.11.28
Share on WhatsApp
Share on WhatsApp
မတူပီက ကုန်ကားတွေကို စစ်ကောင်စီတပ် လမ်းရှင်းဖို့ အသုံးချနေ ချင်းပြည်နယ်၊ မတူပီမြို့နယ်က ကုန်တင်ကားအချို့ကို တွေ့ရစဉ်
Photo: Citizen Journalist

ချင်းပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ် CDF တို့ရဲ့ တိုက်ပွဲတွေ အတွင်း မတူပီမြို့နယ်မှာ ကုန်ကားတွေကို စစ်ကောင်စီတပ်တွေက လမ်းရှင်းရာမှာ အသုံးချနေကြတယ်လို့ မတူပီ CDF တာဝန်ရှိသူတစ်ယောက် ပြောပါတယ်။

နိုဝင်ဘာ ၂၇ ရက် မနေ့က မတူပီမြို့ကို ရောက်လာတဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်တွေက ပြန်မထွက် ခိုင်းသေးဘဲ မင်းတပ်ကနေတစ်ဆင့် ပခုက္ကူကို ပြန်ခိုင်းဖို့ လုပ်နေတယ်လို့ သူက ပြောပါတယ်။

"မင်းတပ်မှာက ဒီဘက်ကိုလာမယ့် တပ်မ ၇၇၊ တပ်မ ၅၅ က စစ်သားတွေ ရှိတယ်။ ဒီကို မလာနိုင်ဘူး၊ လုံခြုံရေးအရ မလာရဲဘူး။ မလာရဲတော့ ဘယ်လိုလုပ်လဲဆိုတော့ ဒီက ကုန်ကားတွေကို ဒီလမ်းက သွားခိုင်းတာ။ လမ်းရှင်းတဲ့ သဘောမျိုးပေါ့"

CDF တပ်ဖွဲ့ဝင်တွေဘက်က ကားလမ်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းတွေကို မိုင်းထောင်ဖောက်ခွဲ နေတာ၊ ပြောက်ကျားနည်းနဲ့ ပစ်ခတ် တိုက်ခိုက်နေတာတွေကြောင့် စစ်ကောင်စီတပ်တွေဟာ သူတို့ ယာဉ်တန်းသွားဖို့ ရှေ့ကနေ လမ်းရှင်းတဲ့အနေနဲ့ ကုန်ကားတွေကို အသုံးပြုနေကြတာဖြစ်ပါတယ်။

လက်ရှိမှာ ဆယ့်နှစ်ဘီးကား ကုန်ကားသုံးစီးကို စစ်ကောင်စီတပ်တွေက မတူပီကနေ မင်းတပ်၊ ပခုက္ကူ လမ်းကြောင်းအတိုင်း ကုန်စည်မပါဘဲ စေလွှတ်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ RFA အနေနဲ့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ချင်းပြည်နယ်ထဲမှာ CDF တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ဟာ ကားလမ်းတွေမှာ အပြန်အလှန် စစ်ဆေး နေကြပြီး စစ်တပ်ကိုပို့မယ့် ကုန်စည် ကျပ် သိန်း ၆၀ ဖိုးဝန်းကျင်ကို မတူပီ CDF က လက်ရှိအချိန်အထိ ဖမ်းဆီးရထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း မတူပီမြို့နယ်၊ ငလိုင်ရွာနဲ့ ဖလိုင်ရွာကြားက စစ်တပ်က တပ်စွဲထားတဲ့ အထွေထွေအုပ်ချုပ်ရေးရုံးကို မတူပီ CDF က တိုက်ခိုက်ခဲ့ပြီး စစ်‌သား သုံးယောက် သေဆုံးခဲ့သလို သုံးယောက် ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

COMMENTS

ဆိုက်တခုလုံးသို့