ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ မင်းကြီးရွာမှာ ဩဂုတ်လ ၂၇ ရက်နေ့ ဒီနေ့မနက် ၉ နာရီလောက် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
နေအိမ်ပေါ်တည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံဒေါ်မေသာစိန် နေရာမှာတင် သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မင်းကြီးရွာရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ကြိမ်ချောင်းကနေ ပစ်တာ။ ၉ နာရီမှာ လက်နက်ကြီးကျတာပါ။ အဲဒီအမျိုးသမီးတော့ အနေရာမှာတင် ပွဲချင်းပြီးပဲ ဆုံးသွားတယ်။ အခုလောလောဆယ် လမ်းတွေမကောင်းတော့ တိမ်းရှောင်လို့မရတဲ့ အခြေအနေဆိုတော့ ဘုန်းကြီးကျောင်းမှာ အကုန်စုနေကြပါတယ်"
သေဆုံးသူ ဒေါ်မေသာစိန်ဟာ ခေါင်းနဲ့ခန္ဓာကိုယ်တစ်ခြမ်း ထိခိုက်ပျက်စီးသွားသလို နေအိမ်လည်း ခေါင်းမိုးနဲ့အကာတချို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒေသခံတွေကတော့ ရွာထဲကို လက်နက်ကြီးကျည် ထပ်ကျမှာ စိုးရိမ်တာကြောင့် ဘုန်းကြီးကျောင်းမှာပဲ စုနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြနိုင်ခြင်း မရှိသေးပါဘူး။
မင်းကြီးရွာဟာ အိမ်ခြေ ၈၀ ကျော်နဲ့ လူဦးရေသုံးရာနီးပါးရှိတဲ့ ရွာဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်း ရွာအနားမှာ တိုက်ပွဲဖြစ်တာမရှိဘဲ လူနေအိမ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။