မောင်တောက ဆရာ၊ ဆရာမတွေ ပြန်လွတ်ဖို့ စစ်ကောင်စီထံ ရခိုင်ပါတီကြီးနှစ်ခု တောင်းဆို

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြန်ပေးဆွဲခံထားရတဲ့ ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာမတို့ အမြန်ဆုံး လွတ်မြောက်နိုင်ရေး စစ်ကောင်စီက ဆောင်ရွက်ပေးဖို့ ရခိုင် အမျိုးသားပါတီ (ANP) နဲ့ ရက္ခိုင့်ဦးဆောင်ပါတီ (AFP) တို့က ဇွန်လ ၂၁ ရက် ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

တောင်ပြိုလက်ဝဲမြို့ သင်္ဘောလှကျေးရွာ (မူလွန်) ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်က အဲဒီရွာက နေ မောင်တောမြို့နယ် ပညာရေးမှူးရုံးကို ဆိုင်ကယ်နဲ့အသွား လမ်းမှာ အမည်မသိအဖွဲ့တစ်ခုရဲ့ ဖမ်းဆီးတာ ခံခဲ့ရတာပါ။

သူတို့နှစ်ဦးကို မြန်မာငွေ သိန်းတစ်ထောင်နဲ့ညီမျှတဲ့ ဘင်္ဂလားဒေ့ရှ်ငွေ တာကာ သိန်း ၅၀ ပေးရမယ်လို့ မွတ်စလင်လေသံနဲ့ ပြန်ပေးဆွဲအဖွဲ့က ဆက်သွယ်လာတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ဖမ်းဆီးခံထားရတာ အချိန်ကြာလာတာနဲ့အမျှ ဆရာ၊ ဆရာမတို့ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် အခုလိုတောင်းဆို ရတာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက RFA ကို ပြောပါတယ်။

“အခုဆိုရင် ဖမ်းဆီးခံထားရတာ ငါးရက်ရှိသွားပြီ။ ဒေသခံတွေ လိုက်ရှာတဲ့အခါမှာ လည်း သေနတ်နဲ့ အပစ် ခံရတယ်လို့ ကြားသိရတယ်။ ဆရာ၊ ဆရာမရဲ့ အသက် အန္တရာယ်ကိုပါ စိုးရိမ်ရတဲ့အခြေအနေရှိတယ်။ ပြီးရင် နောက်ထပ်လည်း အခုလိုမျိုး ထပ်ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက်လည်း အခုပြန်ပေးဆွဲခံထားရတဲ့ ဆရာ၊ ဆရာမ နှစ်ဦးကို အမြန်ဆုံး လွတ်မြောက်အောင် ကြိုးစားဖို့ကို ကျနော်တို့ တိုက်တွန်းနှိုးဆော် တာဖြစ်တယ်”

အဲဒီဒေသဟာ လုံခြုံရေးအားနည်းတဲ့အတွက် အခုလို လွယ်လွယ်ကူကူနဲ့ အဖမ်းခံလိုက်ရ တာဖြစ်ပြီး နောက်ထပ်လည်း ဒီလိုထပ်ဖြစ်လာနိုင်တဲ့ အခြေအနေတွေရှိနေတာကြောင့် စစ်ကောင်စီအနေနဲ့ အရေးတယူ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ရက္ခိုင့်ဦးဆောင်ပါတီ (AFP) ကလည်း စစ်ကောင်စီအနေနဲ့ စစ်ဘက်၊ ရဲဘက်နဲ့ တခြား လုံခြုံရေးဆိုင်ရာ ယန္တရားတွေ အပြည့်အဝအသုံးချပြီး ကျောင်းဆရာနှစ်ဦး လွတ်မြောက် ရေး အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်စေလိုတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အစိုးရမဟုတ်တဲ့ တခြားအင်အားစုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအနေနဲ့လည်း ဒီအမှု အခင်းနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်တာ ဒါမှမဟုတ် ချိတ်ဆက် ဆောင်ရွက်တာတွေ ရှိနိုင်တဲ့အတွက် အပြည့်အဝ ကူညီပေးဖို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလို ရခိုင်နိုင်ငံရေးပါတီကြီးနှစ်ခု တောင်းဆိုတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိခဲ့ပါဘူး။

အခုလက်ရှိ မောင်တောမြို့နယ်မှာ ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံထားရတဲ့ကိစ္စကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသလို ပညာရေးဝန်ထမ်းတွေအတွက် လုံခြုံရေးအာမခံချက် လည်း မရှိတာကြောင့် ပညာရေး ဝန်ထမ်းတွေဟာ တာဝန်ကျရာနေကို သွားရောက်စာ မပြနိုင်ကြဘူးလို့လည်း ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အဲဒီ ကျောင်းဆရာနဲ့ ဆရာမကို (ARSA) အာဆာ အဖွဲ့က ပြန်ပေးဆွဲထားတာဖြစ်နိုင်တယ်လို့ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ဇွန်လ ၂၀ ရက် မနေ့က တွစ်တာ လူမှုစာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီလုပ်ရပ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်ရှိနေတဲ့ မွတ်စလင်တွေ နေရပ်ပြန်နိုင်ရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝန်းကြားမှာ ယုံကြည်မှုနဲ့ သဟ ဇာတဖြစ်ရေးကို နောက်ပြန်ဆုတ်သွားပြီး ကြီးမားတဲ့ အကျိုးယုတ်မှုတစ်ခုဖြစ်တယ်လို့ လည်း ဆိုပါတယ်။