မန္တလေးအထိ စစ်ဆင်ရေးတွေရောက်လာလို့ ကြိုတင်ပြင်ဆင်ကြဖို့ NUG ပြော
2024.07.30
မန္တလေးမြို့အနီးအထိ စစ်ဆင်ရေးလှိုင်းတွေ ရောက်လာပြီဖြစ်လာတာကြောင့် စစ်ရေးအခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့နဲ့ ကြိုတင်ပြင်ဆင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ အခုဖြစ်ပေါ်နေတဲ့ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးအခြေအနေတွေကို လေ့လာစောင့်ကြည့်ဖို့ ပြောဆိုခဲ့တာပါ။
ဒီအပြင် နယ်မြေကဏ္ဍအလိုက် ပြင်ဆင်သင့်တာတွေကို ကြိုတင်ပြင်ဆင်ဖို့နဲ့ စစ်ဆင်ရေးတွေကို နားစွင့်ထားဖို့လိုတယ်လို့လည်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
"ဒီတော်လှန်ရေးမှာ စစ်ရေးအားသာဖို့ လိုအပ်သလို အုပ်ချုပ်ရေးယန္တရား ခိုင်ခံ့နိုင်ဖို့လည်း လိုပါတယ်။ ဒါတွေအပြင် အင်မတန် အရေးကြီးတဲ့ နိုင်ငံရေးအခြေအနေတွေ၊ အရွေ့တွေကိုလည်း မျက်ခြေပြတ်လို့ မဖြစ်သလို ကိုယ့်ရန်သူရဲ့ လှုပ်ရှားမှုတွေကို သိရှိနိုင်မှုဟာလည်း ကျွန်တော်တို့ရဲ့ အောင်ပွဲပြင်ဆင်မှု အတွက် မရှိမဖြစ် အရေးပါတဲ့အရာ ဖြစ်ပါတယ်"
ပြိုလဲနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို အပြီးတိုင် ဖြိုချနိုင်ဖို့နဲ့ တော်လှန်ရေးကို အောင်မြင်စွာ ပွဲသိမ်းနိုင်ဖို့ အချိန်ကိုက်စီမံဖို့ လိုတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
မြို့တွေကို သိမ်းပိုက်ပြီးနောက် အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေကို ကယ်ထုတ်လာနိုင်တာက ယုံကြည်ချက်နဲ့ ကြိုးစားမှုရလဒ်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် ဝန်ကြီးဌာနအားလုံးအနေနဲ့ အချိန်အရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာအရင်းအမြစ်တွေကို စနစ်တကျ စီမံခန့်ခွဲပြီး ပြည်သူတွေအတွက် ဦးစားပေးလုပ်ငန်းတွေကို ပိုမိုအားစိုက်ပေးဖို့လည်း ပြောပါတယ်။
NUG ရဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY- PDF ဟာ စဥ့်ကူးမြို့ကို ထိန်းချုပ်ထားသလို မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာလည်း TNLA နဲ့ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မြို့ရွာတွေထဲကို အရပ်သားအယောင်ဆောင်ပြီး စိမ့်ဝင်လာတဲ့ လက်နက်ကိုင်တွေကို ပြည်သူလူထု၊ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လက်တွဲညီညီ ရှင်းလင်းသွားရမယ်လို့ ဇူလိုင်လ ၂၆ ရက်နေ့က ရှမ်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံပိုင် MRTV ရုပ်သံကနေတစ်ဆင့် ပြောဆိုရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။