မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ ပန်းချီထွန်းထွန်းဟာ ဒီနေ့ နိုဝင်ဘာလ ၈ ရက်နေ့ မနက်က သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြော ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်တပ်က စိန်ပန်းလမ်းတလျှောက် အသွားအလာတွေကို တင်းကျပ်စစ်ဆေးနေ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက်က သေနတ်သံတွေ ကြားလိုက်ရတယ်။ ပစ်ခံရတဲ့သူက ဒလန်အကြီးအစား၊ စစ်တပ်ထောက်ခံ သူပေါ့။ အခုကတော့ စိန်ပန်းလမ်းတလျှောက် စစ်သားတွေ တင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်။ စစ်တပ်က သူတို့လူတစ်ခုခုဖြစ်ရင် အဲဒီရပ်ကွက်ကို ဖိတော့တာပဲ”
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး GZP( Mandalay) နဲ့ Myanmar justice Force တို့ ပူးပေါင်းလုပ်ဆောင် ခဲ့တာဖြစ်ပြီး သေနတ်နဲ့ လေးချက် ပစ်ခတ်ခဲ့တယ်လို့ GZP(Mandalay) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို့ မေတ္တာရပ်ခံတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ဒလန်လို့ စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံရသူ ၄၇၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၂၃ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထား ပါတယ်။ အခုနောက်ဆုံး အခြေအနေအထိ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။