တံတားဦး လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း PDF တွေ သိမ်းပိုက်
2024.08.22
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ မြိုင်သာကျေးရွာအနီးက စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းတစ်ခုကို သိမ်းပိုက်ထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက သြဂုတ်လ ၂၂ ရက် ဒီနေ့မှာ RFA ကို အတည်ပြုပြောပါတယ်။
အဲဒီတပ်စခန်းကို သြဂုတ် ၂၀ ရက်နေ့ နေ့လယ်ပိုင်းအချိန်မှာ နှစ်ဖက်တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာချိန် သိမ်းယူနိုင်ခဲ့တာလို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရဲက RFA ကို ပြောပါတယ်။
“၂၀ ရက်နေ့ နေ့လယ် နှစ်နာရီလောက်က သိမ်းနိုင်ခဲ့တာပါ။ သူတို့ဘက်က အစောင့် ငါးယောက်လောက်ပဲထားပြီး ကြိုပြေးကြတာ။ ဝင်စီးတဲ့အချိန် အကုန်ထွက်ပြေးသွားလို့ သေနတ်တစ်ချက်မဖောက်ဘဲ သိမ်းနိုင်ခဲ့ပါတယ်”
အဲဒီစခန်းမှာ ကျန်ခဲ့တဲ့ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
တံတားဦး လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း (၁၀)၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းသိမ်းယူခဲ့တာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
စခန်းသိမ်းယူပြီး နောက်တစ်နေ့ သြဂုတ် ၂၁ ရက် မနေ့က တံတားဦးမြို့နယ်နဲ့ ထိစပ်နေတဲ့ နွားထိုးမြို့နယ်က လက်ဝဲနဲ့ မြင်းနီကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းက သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ္တရာမြို့နယ် အင်ကြင်းမြိုင် ကျေးရွာအနီးက စစ်ကောင်စီရဲ့ အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ်ကို သိမ်းပိုက်ထားပါတယ်။