သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းတပ်စခန်းကို MDY-PDF သိမ်းပိုက်

RFA Burmese
2024.08.12
သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းတပ်စခန်းကို MDY-PDF သိမ်းပိုက် သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းတပ်စခန်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် သိမ်းပိုက်ခဲ့ကြောင်း MDY-PDF က ထုတ်ပြန်ထားစဉ်။
Telegram/ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းတပ်စခန်းကို ဩဂုတ်လ ၁၁ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY-PDF) က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တာကြောင့် သပိတ်ကျင်းမြို့နယ်ထဲက တပ်စခန်း ကိုးခုအထိ သိမ်းပိုက်ထားနိုင်ပြီလို့ MDY-PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

လက်ရှိမှာလည်း သပိတ်ကျင်းမြို့နယ်ထဲက ကျန်နေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ MDY-PDF က ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲမှာ MDY-PDF က သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေကတော့ ဇရပ်ကွင်းစခန်း၊ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာစခန်း၊ လိပ်ကျရွာစခန်း၊ ကွင်းသုံးဆယ်ရွာစခန်း၊ လက်ပံပြန့်ရွာစခန်း၊ ဖိုကုန်းစခန်း၊ ဝက်သေရွာစခန်းနဲ့ ဖက်ရှည်ရွာစခန်းတွေ ဖြစ်ပါတယ်။

ဒီတပ်စခန်းတွေမှာ စစ်ကောင်စီတပ်သားအင်အား ဘယ်လောက်အထိုင်ချတပ်စွဲထားတယ်ဆိုတာနဲ့ စခန်းသိမ်းတိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ MDF-PDF က ထုတ်ပြောထားတာ မရှိပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်ရဖို့အပါအဝင် တစ်နိုင်ငံလုံးကို တည်ငြိမ်အေးချမ်းအောင် လုပ်မယ်လို့ သြဂုတ် ၅ ရက်နေ့မှာ နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့် ပြောဆိုပါတယ်။

မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ စဥ့်ကူးမြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး မတ္တရာ၊ သပိတ်ကျင်း၊ ပုသိမ်ကြီး၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ မန္တလေးမြို့နဲ့ မိုင် လေးဆယ်ကျော်ဝေးတဲ့ ပြင်ဦးလွင်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ဝင်တိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေ မြို့ကို စွန့်ခွာထွက်ပြေးနေကြသလို မန္တလေးမြိုနဲ့ အနီးတစ်ဝိုက်မှာလည်း ဒီရက်ပိုင်း စစ်ကောင်စီတပ်က ခံစစ်အတွက် ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။