မန္တလေးတက္ကသိုလ်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ပညာရေး ဝန်ထမ်းသုံးဦးနဲ့ CDM ဝန်ထမ်းတွေရဲ့ မိသားစုဝင် ၁၇ ဦး စုစုပေါင်း ၂၀ ကျော် ဩဂုတ်လ ၂၇ ရက် မနေ့နေ့လယ်ပိုင်း စစ်ကောင်စီ တပ်သားတွေ ဝင်ရောက် ဖမ်းဆီးသွားတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ရဲအင်အား ၅၀ နီးပါးက မန္တလေးတက္ကသိုလ် ဝင်ပေါက်နဲ့ ထွက်ပေါက်တွေကို ပိတ်ဆို့ပြီး ဝန်ထမ်းအိမ်ယာတွေကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာလို့ မန္တလေးမြို့ ဗ.က.သ ကျောင်းသူတစ်ဦးက RFA ကို ပြောပါတယ်။
"CDM နယ်မြေ ဝန်ထမ်းသုံးဦး။ နယ်မြေဝန်ထမ်းဆိုတာ ကျောင်းရဲ့အစောင့်လို ပုံစံမျိုးကို ပြောတာပါ။ နောက်ပြီး CDM လုပ်ပြီး အပြင်မှာနေပေမယ့် မိသားစုဝင်တွေက ကျောင်းထဲ ကျန်နေခဲ့တော့ သူတို့မိသားစုဝင်တွေကို ဖမ်းတာ။ လူကြီးတွေရော ကလေးတွေရော ခေါ်သွားကြတယ်"
ဖမ်းဆီးသွားတဲ့ CDM ဝန်ထမ်းတွေရော မိသားစုဝင်တွေကိုပါ ဘယ်ကိုခေါ်ဆောင်သွားတယ် ဆိုတာတော့ အတိအကျမသိရဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအစောပိုင်းကလည်း ရတနာပုံတက္ကသိုလ်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေခဲ့ပြီး CDM ကျောင်းဆရာမငါးဦး ဖမ်းဆီးသွားတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။