အာဏာသိမ်း ၁၈ လ အတွင်း ပြည်သူ ၆၂၀၀ ကျော် ဖမ်းဆီးထားကြောင်း စစ်ကောင်စီဝန်ခံ
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လကုန်အထိ အာဏာသိမ်း ၁၈ လအတွင်း ဖမ်းဆီးထားသူ ၆၂၃၆ ဦးရှိတယ်လို့ ဩဂုတ်လ ၁ ရက် ဒီနေ့ မနက်ပိုင်း မိန့်ခွန်းမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ခံပါတယ်။
စစ်ကောင်စီ အုပ်ချုပ်ခဲ့တဲ့ တစ်နှစ်ခွဲ (၁၈ လ) တာကာလ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောတာပါ။
တစ်နှစ်ခွဲအတွင်း နိုင်ငံတစ်ဝန်း လက်ပစ်ဗုံးပစ်ခတ်ခံရမှုနဲ့ မိုင်းခွဲတိုက်ခိုက်ခံရမှု ၇၂၄၆ ကြိမ်၊ တိုက်ခိုက်သတ်ဖြတ်ခံရမှု ၆၅၆၇ ကြိမ်နဲ့ မီးရှို့ခံရမှု ၁၀၉၄ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်မျိုးစုံ ၆၃၁၁ လက်၊ ခဲယမ်းမျိုးစုံ ၃၃၅,၁၈၄၊ လက်ပစ်ဗုံးနဲ့ မိုင်း ၁၁,၇၁၅ ခု သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးတဲ့အထဲမှာ သံဃာ၊ သီလရှင်၊ အစိုးရဝန်ထမ်း၊ ကလေးသူငယ်၊ အုပ်ချုပ်ရေးဆိုင်ရာ နဲ့ အရပ်သားစုစုပေါင်း ၃၄၈၃ ကျော်ရှိပြီး ဒဏ်ရာရသူ ၃၀၆၅ ဦးနဲ့ ပျောက်ဆုံးနေသူ ၄၁ ဦး ရှိတယ်လို့လည်း ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အထဲမှာ စစ်ကိုင်းတိုင်းက ၄၀၂၆ ကြိမ်၊ ရန်ကုန်တိုင်းက ၂၄၄၂ ကြိမ်၊ မန္တလေးတိုင်းက ၂၁၉၄ ကြိမ်၊ မကွေးတိုင်းက ၁၃၅၉ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထိ အဖမ်းခံရသူပေါင်း ၁၁,၈၂၀ ဦးရှိပြီး အဲဒီအထဲမှာ ၁၃၆၄ ဦးက ထောင်ချခံထားရပါတယ်။
ပြည်သူလူထုက မဲပေးရွေးချယ်ထားတဲ့ အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီကတော့ အရေးပေါ်အာဏာသိမ်းကာလ သက်တမ်းကို နောက်ထပ်ခြောက်လ တိုးလိုက်ကြောင်း မနေ့ကပဲ ကြေညာထားပါတယ်။