ကလေးမြို့အနီး စစ်ကောင်စီတပ်နဲ့ CDF တို့ တိုက်ပွဲတွေဖြစ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး၊ နိုဝင်ဘာလ ၁၇ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က နှစ်ယောက် သေဆုံးခဲ့တယ်လို့ CDF - Kalay Kabaw Gangaw (CDF - KKG) က သတင်းထုတ်ပြန်ပါတယ်။

မနက် ၈ နာရီဝန်းကျင်က ကလေးမြို့နယ် နဂါးပွက်ရွာ ကင်းမွန်ချောင်းအနီးမှာ CDF - KKG တပ်ရင်း (၃) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး စစ်ရေးတင်းမာတဲ့ အခြေအနေမှာရှိတယ်လို့ CDF – KKG က အမည်မဖော်လိုသူ တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

"လက်ရှိအချိန် (ညနေ ၅ နာရီခွဲ) မှာတော့ အပစ်အခတ် မရှိတော့ဘူးလို့ သိရပါတယ်။ ထိတွေ့တိုက်ပွဲ ကတော့ အချိန်မရွေး ပြန်ဖြစ်နိုင်တဲ့ အနေအထားလို့ ပြောလို့ရပါတယ်"

CDF - KKG တပ်ရင်း (၃) က တပ်ဖွဲ့ဝင်တစ်ယောက် လက်နက်ကြီးပေါက်ကွဲစ ထိမှန်ပြီး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲတွေကနေ အချိန်မရွေး ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြာင့် ကလေးမြို့ပေါ်က ဒေသခံတွေ ဟာလည်း ရှောင်တိမ်းနိုင်ဖို့အတွက် ပြင်ဆင်ထားကြတယ်လို့ ဆိုပါတယ်။

မနေ့က နိုဝင်ဘာ ၁၆ ရက်တုန်းက ကလေးမြို့အနီး ဇီးချောင်းဆည်တစ်ဝိုက်မှာ PDF Kalay ရဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အား ၇၀ လောက်နဲ့ ဝင်ရောက်စီးနင်းပြီး ဆေးအကူ အမျိုးသမီးတချို့ ဖမ်းဆီးခံခဲ့ ရပါတယ်။

အဲဒီညပိုင်းမှာပဲ ကလေးမြို့နယ် အနောက်‌တောင်ဘက် တောင်ကြောတစ်လျှောက်မှာ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။