စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပြည်သူ့ဆေးရုံမှာ ငှက်ဖျားရောဂါကြောင့် ဆေးရုံလာတက် သူ အမျိုးသား တစ်ဦးနဲ့ လူနာစောင့် နှစ်ဦးကို PDF နဲ့ ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ အင်းတော်ဒေသခံတွေက ဩဂုတ်လ ၂၆ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေက ငှက်ဖျားရောဂါ ခံစားနေရသူ ကိုဇော်မင်းထက်နဲ့ လူနာစောင့်တွေ ဖြစ်တဲ့ ဒေါ်ကြော့ဖာနဲ့ ကိုအောင်သူနိုင်တို့ဖြစ်ပြီး သူတို့က PDF နဲ့ PDF ကို ထောက်ပံ့သူ တွေ မဟုတ်ဘဲ သာမန်အရပ်သားတွေလို့ Indaw Revolution-IR အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
"သူက ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ပြီး သတိမေ့နေတာနဲ့ အင်းတော်ဆေးရုံကို ရောက်လာတာ။ ရောက်လာတော့ ဆေးရုံက သူတို့အချက်အလက်တွေကို ဟိုဘက်ကို ပို့ပေးလိုက်တာ။ ငှက်ဖျားပိုးဆိုတော့လည်း မသင်္ကာတာနဲ့ ရဲတွေက လာဖမ်းတာ။ သူတို့က PDF တွေ မဟုတ်ဘူး။ PDF ထောက်ပံ့တာ ဘာညာလည်း မဟုတ်ဘူး။ သူတို့က ရိုးရိုး လယ်လုပ်တဲ့ တောင်သူတွေ"
လက်ရှိမှာ လူနာကို အင်းတော်ဆေးရုံမှာပဲ လက်ထိတ်၊ ခြေထိတ်နဲ့ ချုပ်နှောင်ထားပြီး ဆေးကုသမှု ဆက်ပေးနေကြောင်းနဲ့ လူနာစောင့် နှစ်ဦးကတော့ အင်းတော်ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သူက ဆိုပါတယ်။
အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဖမ်းဆီးခံရသူတွေက အင်းတော်မြို့နယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ ကသာမြို့နယ် လမ်းခွရွာမှာ နေထိုင်ကြပြီး သူတို့ရဲ့ စိုက်ခင်းတွေက အင်းတော်မြို့နယ်ထဲမှာရှိတာကြောင့် လုပ်ငန်းခွင်ကို အင်းတော်မြို့နယ်ထဲမှာ လာရောက်လုပ်ကိုင်ကြသူတွေ ဖြစ်ပါတယ်။
ကိုဇော်မင်းထက် ငှက်ဖျားရောဂါဖြစ်ပြီး သတိမေ့နေတဲ့အချိန်မှာ အင်းတော်ဆေးရုံက အနီးဆုံးဖြစ်တာကြောင့် အင်းတော်ဆေးရုံမှာ လာရောက်ပို့ဆောင်ပြီး ဆေးကုသမှု ခံယူတဲ့အချိန် ဩဂုတ်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ပြည်သူတွေကို PDF လို့စွပ်စွဲပြီး လူနာတွေရဲ့ သတင်းအချက်အလက်တွေကို ဆေးရုံ တာဝန်ရှိသူတွေက စစ်ကောင်စီထံ ပေးပို့နေတာက လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ လုပ်ရပ်လို့ Indaw Revolution-IR အဖွဲ့က ဩဂုတ်လ ၂၅ ရက် မနေ့က ထုတ်ပြန် ထားပါတယ်။