ပုဏ္ဏားကျွန်းမှာ စစ်ကောင်စီတပ်သားတစ်ဦးကို AA ဖမ်းဆီးပြီးနောက် အရပ်သားအချို့ ဖမ်းခံရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ဇွန်လ ၁၆ ရက် မနေ့က စစ်ကောင်စီတပ်သား တစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီးနောက် အရပ်သားသုံးဦးထက်မနည်း ဖမ်းဆီးခံထားရသလို မြို့မဈေးနဲ့ စာသင်ကျောင်း တွေကိုပါ ယာယီပိတ်ထားရတာကြောင့် တစ်မြို့လုံး တိတ်ဆိတ်နေတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ - ၅၅၀ တပ်ရင်းက တပ်သားနှစ်ဦး မနေ့က ပုဏ္ဏားကျွန်း မြို့ထဲကို ဆောက်လုပ် ရေးပစ္စည်းလာဝယ်စဉ်မှာ အေအေထံ တစ်ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး ကျန်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို ဖမ်းဆီးသွားပြီး မကြာခင်မှာ စစ်ကောင်စီတပ်သားတွေ လက်နက်အပြည့်အစုံနဲ့ မြို့ထဲကိုဝင်လာပြီး ဆောက်လုပ်ရေးပစ္စည်းရောင်းတဲ့ ပိုင်ရှင် အပါအဝင် နောက်ထပ် အရပ်သားတစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ညပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေဟာ မြို့ထဲကို သေနတ်ပစ်ဖောက် ဝင်လာပြီး လမ်းမပေါ်က နေအိမ်တွေကို ဝင်ရောက်စစ်ဆေးရင်း အိမ်ထောင်စုစာရင်း မပြနိုင်တဲ့ စံပြရပ်ကွက် ဒေသခံတစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

“မနေ့က စစ်သားတစ်ယောက်ကို အေအေက ဖမ်းသွားတယ်။ ဖမ်းသွားပြီး မကြာခင်မှာပဲ ဆိုင်ရှင်နဲ့ နောက်ထပ် အရပ်သားတစ်ယောက်ကို ဖမ်းသွားတယ်။ ပြီးတော့ ည ၁၀ နာရီ လောက်ရှိမယ်ထင်တယ်။ သူတို့တွေ ထပ်ပြီးဝင်လာတယ်။ သေနတ်တွေဖောက်တယ်။ နေအိမ်တွေကို ဖွင့်ခိုင်းတယ်။ ရှာတယ်။ အဲဒီမှာ အိမ်ထောင်စုစာရင်းမပြနိုင်လို့ဆိုပြီး နောက်ထပ်တစ်ယောက်ကို ဖမ်းသွားတယ်”

မနေ့ ညက နောက်ထပ် ဒေသခံအချို့လည်း ဖမ်းဆီးခံရကြောင်း သတင်းကြားပေမယ့် ဘယ်သူ၊ ဘယ်ဝါ ဖမ်းဆီးခံရတယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးလို့လည်း ဆိုပါတယ်။

အခု ဖမ်းဆီးခံထားရတဲ့ ဒေသခံသုံးဦးနဲ့ ပတ်သက်လို့ ဖမ်းဆီးသွားတာကို ကိုယ်တိုင် မြင်လိုက်တဲ့ မျက်မြင်တွေရဲ့ ပြောဆိုချက်အရ သိရတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဖမ်းဆီးခံရသူအရေအတွက်နဲ့ အသေးစိတ်အခြေအနေသိရဖို့ RFA က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်နေကြတာကြောင့် နေအိမ်အပြင်ကိုလည်း မထွက်ရဲ ကြသလို ဈေးနဲ့ စာသင်ကျောင်းတွေလည်း ပိတ်ထားတာကြောင့် တစ်မြို့လုံးဟာ တိတ်ဆိတ်နေတယ်လို့ လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က စစ်ကောင်စီ တပ်သားနှစ်ဦးကို အေအေက ဖမ်းဆီးသွားခဲ့ပြီးနောက် အခုလိုပဲ မြို့ထဲမှာ စစ်ကောင်စီ တပ်က လက်နက် လူအင်အားအပြည့်အစုံနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခ ကတော့ အခုလို စစ်ကောင်စီတပ်သား တွေကို ဖမ်းဆီးတာဟာ စစ်ကောင်စီတပ်က အေအေ တပ်ဖွဲ့ဝင်တွေ၊ အေအေနဲ့ ဆက်စပ် သူတွေကို ဖမ်းဆီးနေတာကြောင့် အခုလို လက်တုံ့ပြန် ဖမ်းဆီးရတာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်သားတွေကို မနှိပ်စက်ဘဲ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပြီး စစ်ကောင်စီ တပ်က ဖမ်းဆီးထားတဲ့ အေအေတပ်ဖွဲ့ဝင်တွေကို လွှတ်ပေးမယ်ဆိုရင် သူတို့ကိုလည်း ချက်ချင်းပြန်လွှတ်ပေး သွားမယ်လို့လည်း ပြောဆိုထားပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြော ဆိုတာ မရှိသေးပါဘူး။